Wednesday, December 31, 2014

မြန်မာနိုင်ငံနှင့် အစ္စလာမ်သာသနာ
**************************
၁။ သက္ကရာဇ်(၈)ရာစုနှစ်များအတွင်း ပုဂံတွင်စိုးစံခဲ့သော ပိသုံမင်းလက်ထက် အရဗ်သင်္ဘောများ ဒမတ်စကတ်ကျွန်းမှ တရုတ်ပြည်အထိ သွားလာကြရာ မြန်မာပြည်သို့လည်း အဝင်အထွက် ပြုကြသည်။ သထုံ - မတ္တမ ဆိပ်ကမ်းများတွင် ရပ်နားခဲ့ကြသည်ဟု ရှေးအရဗ်မှတ်တမ်းများတွင် တွေ့ရကြောင်း ဖော်ပြထားသည်။
ဦးကြည်(ရာဇဝင်ဂုဏ်ထူး)ရေး မြန်မာ့ရာဇဝင်မှတ်ဖွယ်ရာအဖြာဖြာစာအုပ်၊ စာ (၁၅၆-၁၅၇)

၂။ ၄င်းအခါက ရမ်းဗြဲကျွန်းအနီး ပျက်စီးသော အရဗ်သင်္ဘောပေါ်ပါ မွတ်စ်လင်မ်တို့သည် ထိုအခါကပင် ရမ်းဗြဲကျွန်း၌ နေထိုင်ကြကြောင်း(၁၈၇၉)ခုနှစ်ထုတ် ဗြိတိသျှဘားမား ဂေဇက်အဆိုအရ သိရှိရ၏။
ဆရာဦးဘိုးချယ်- ရေး၊ဗမာမွတ်စ်လင်မ်ရှေးဟောင်းအထုပ္ပတ္တိစာအုပ်၊စာမျက်နှာ(၂၅)

၃။ အနော်ရထာ မင်းနန်းစံနှစ် (၁၄) နှစ်အကြာ (၁၀၄၅)ခု မိတ္ထီလာ ကန် ဆယ်ဖို့ရာ ဘုရင်ဂျီ သေနတ်ကိုင်တပ် ပသီ သေနတ်ကိုင် တပ်တို့ ပါဝင်စေခဲ့သည်။
ဟံသာဝတီဦးဘရင်-ရေး၊ မြန်မာ့ယဉ်ကျေးမှုနှင့် လယ်သမားရေးရာစာအုပ်၊ စာမျက်နှာ (၂၅)

၎။ (၁၃)ရာစုနှစ်များအတွင်း ပါရှင်းလူမျိုးတို့ ပုသိမ်မြို့ကို သိမ်းပိုက်ကြပြီး (၁၂)နှစ်တိုင်၊ မင်းသုံးဆက် မင်းလုပ်အုပ်ချုပ်ခဲ့သည်။

မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၆)၊ စာမျက်နှာ (၃၅၀) ရန်ကုန်တက္ကသိုလ် ပုသိမ်ကျောင်းသားများ မဂ္ဂဇင်း (၁၉၅၅-၅၆) စာ(၅)

၅။ ပုဂံခေတ် နရသီဟပတေ့မင်း(၁၂၅၅-၁၂၈၆) တရုတ်တို့နှင့် စစ်ဖြစ်ကြရာ ဗိုလ်မှူးနဇရွတ် အုပ်ချုပ်သည့် တာတာစစ်သည်(တူရကီနွယ်များ)ယခု- ဗန်းမော် (ယခင်-ကောင်းစင်)ကို သိမ်း၍ အတည်တကျပင် နေထိုင်ခဲ့ကြကြောင်း စစ်ကိုင်းမြို့ ရတနာစေတီ ကျောက်စာတွင် ပါရှိသည်။

ရာဇဝင်ဆရာကြီး ဦးဘသန်း-ရေး၊ ကျောင်းသုံး မြန်မာရာဇဝင်စာအုပ်၊ စာမျက်နှာ (၁၉၅-၁၉၆) စာရေးဆရာ ဘကြီး ဦးမာဃ - ရေး  ပုသိမ်ရာဇဝင်

၆။ (၁၄)ရာစုနှစ်များအတွင်း အရဗ် ကုန်သည်များက မြိတ်မြို့ကို အသုံးချကြရာမှ (ယခု-နောက်လယ်ရပ်)ဟုခေါ်သော နေရာတွင် အခြေတကျ နေထိုင်ခဲ့ကြသည်။
မောရစ်ကောလစ် ရေး  IN  TO  HIDDEN  BURMA
ဦးခင်မောင်ကြီး- ဘာသာပြန်၊ စာမျက်နှာ(၂၁၁)

၇။ တောင်ငူဘုရင် တပင်ရွှေထီးလက်ထက်တွင် မင်းခေါင်နော်ရထာ ဦးဆောင်သည့် ဒုတိယအကြိမ် မိတ္ထီလာကန် ဆယ်ဖို့ရာတွင် ပသီ သေနတ်ကိုင် တပ်သားတစ်ထောင်ကျော် ပါဝင်ခဲ့ပါသည်။
ကင်းဝန်မင်းကြီး စာပေါင်းစု၊ စာမျက်နှာ(၈၆)

၈။ (၁၇)ရာစုနှစ်များအတွင်း အင်းဝခေတ် နောက်ဘက်လွန်မင်း (၁၆၀၅-၁၆၂၈) ငဇင်ကာနှင့် စစ်ဖြစ်ရာမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၃၀၀၀)အနက် အစ္စလာမ်သာသနာဝင်တို့ကို အင်းဝမြို့အနီး မြစ်သာမြို့၏ မြောက်ဘက်တွင် လုပ်မြေ နေမြေ ပေး၍ အတည်တကျ နေထိုင်စေခဲ့သည်။ မင်းမှုထမ်းများအဖြစ် ခန့်ခဲ့သည်။
မှန်နန်းရာဇဝင်၊တတိယတွဲ၊စာမျက်နှာ(၁၇၂)

၉။ ညောင်ရမ်းခေတ်အတွင်း သာလွန်မင်း (၁၆၂၈-၁၆၄၆) လက်ထက် အစ္စလာမ်သာသနာဝင်တို့ကို မြို့(၁၂) မြို့တွင် လုပ်မြေ နေမြေပေး၍ ကျောက်ဆည်၊စစ်ကိုင်း၊ရွှေဘိုနယ်တို့တွင် ဒုတိယအကြိမ် နေရာချထားပေးခဲ့သည်။
ဥိးဘသန်း ပြုစုသည့် ကျောင်းသုံးမြန်မာရာဇဝင်၊စာမျက်နှာ(၂၇၀)

၁၀။ ညောင်ရမ်းခေတ်လွန် အင်းဝခေတ်အစ စနေမင်း(၁၆၉၈-၁၇၁၄)လက်ထက် အစ္စလာမ်သာသနာဝင်တို့ကို မြို့(၁၂)မြို့တွင် လုပ်မြေ နေမြေပေး၍ အတည်တကျ နေထိုင်စေခဲ့သည်။ ၄င်းမြို့(၁၂)မြို့မှာ - (၁)တောင်ငူ၊ (၂)ညောင်ရမ်း၊ (၃) ညောင်ရမ်း၊ (၄) ယင်းတော်၊ (၅) မိတ္ထီလာ၊ (၆) ပင်းတလဲ့၊ (၇)တဘက်ဆွဲ၊ (၈)ဘောဓိ၊ (၉) စည်သာ၊ (၁၀)စည်ပုတ္တရာ၊ (၁၁) မြေထူး၊ (၁၂) ဒီပဲယင်း၊ (၁၁၆၃ခု၊ နယုန်လပြည့်ကျော် ၂ ရက်နေ့တွင် အမရပူရဘုရင်ပိဋကတ်တိုက်မှ ကျောက်တလုံးဗိုလ်မင်းရဲလှကျော်ထင် ရွှေပုရပိုဒ်မှတ်တမ်းတွင် တွေ့ရှိရကြောင်း)
ဆရာဦးဘိုးချယ် ရေး
ဗမာမွတ်စ်လင်မ်တို့၏ရှေးဟောင်းအထုပ္ပတ္တိစာအုပ်၊
စာမျက်နှာ(၃၇-၄၀)

၁၁။ (၁၈)ရာစုနှစ်များတွင် အိန္ဒိယပြည်မှ ရခိုင်ပြည်သို့ ဝင်ရောက်လာကြသူများတွင် များစဋ္ဌွာသော မွတ်စ်လင်မ်များပါရှိခဲ့သည်။
အိန္ဒိယနိုင်ငံ၊ဒေလီမြို့တွင် ကျင်းပသော
အာရှသမိုင်းဆိုင်ရာ ကွန်ဂရက်တွင် ဗိုလ်မှူးဘရှင်တင်သွင်းသည့်
Coming of Islam to Burma Down စာတမ်း၊စာမျက်နှာ(၆)

၁၂။ အလောင်းမင်းတရားကြီး သန်လျင်ကို အောင်နိုင်၍ ရန်ကုန်သို့ ရောက်လျှင် သန်လျင်- ရန်ကုန်တွင်ရှိသည့် ပသီစု ပီယာ မာမက် (ပီရ်မုဟမ္မဒ်)နှင့် ဒါဝတ် ဆိုသူတို့ကို သွေးသောက်ကြီးများခန့်၍ သက္ကရာဇ် (၁၁၁၈)ခု၊ ဝါခေါင်လဆန်း(၃)ရက် အင်္ဂါနေ့တွင် ကိုယ်ရံတော် သေနတ်အစုကိုဖွဲ့တော်မူသည်။
ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး၊ပတွဲ၊စာ(၁၄၈၊၁၈၅၊၁၈၆)

၁၃။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ (၁၇၅၃-၁၇၆၀) လက်ထက် ဟိုင်းကြီးကျွန်းကို ချီတက် တိုက်ခိုက်ရာ အောင်မြင်သဖြင့် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် သုံ့ပန်းများတွင် အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့သည်။
ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး၊ပတွဲ၊စာ(၁၄၄)

၁၅။ ဝန်ကြီး သတိုးသုဓမ္မ မဟာဗန္ဓုလလည်း ကုလားတို့ အမြောက်ဗုံးများကို လက်နက်မမှတ် ရွှေထီးဖြန့်လျက် တပ်ထိပ်သို့ လှည့်ကာ ပတ်ကာ မပြတ်သွားလာ၏။ တပ်ပြင်ကလည်း မြင့်နှင့် မြင်းစီးသူရဲတို့ လှံရှည် အဲမောင်း ဆွဲကိုင်လျက် မြင်းတပ်ဗိုလ် နေမျိုးဂုဏ္ဏရတ် နှင့် မြင်းစီးခုနှစ်ဆယ်ကျော် မြင်းရေးကစားစေသည်။ (နေမျိုးဂုဏ္ဏရတ်နှင့်မြင်းစီးခုနှစ်ဆယ်ကျော် မြင်းရေးကစားစေသည်။ (နေမျိုးဂုဏ္ဏရတ်မှာ ခန်ဆပ်ဗိုလ်ဆိုသူဖြစ်သည်။ မင်းတုန်းမင်းနှင့် သီပေါ်မင်း နှစ်ဆက် နာမည်ကျော် မြင်းတပ်ဗိုလ် ဝလီလန်၏ ဖခင်ဖြစ်သည်။)
ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီး၊ဒုတွဲ၊စာ(၃၉၂)

၁၆။ (မြန်မာပြည်၊ ရခိုင်ပြည်၊ လေးမြို့ ကျေးရွာများရှိ အစ္စလာမ် သာသနာရေးဆိုင်ရာကိစ္စအဝဝကို အာဗိဒ်ရှားဟ် ဟုစိုင်နီ သခင်ကြီးနှင့်အဖွဲ့၏ ဆုံးဖြတ်ချက်ကို နာခံရမည်ဟု ဘုရင်ဘိုးတော်ဦးဝိုင်းက အမိန့်တော် ပြန်တမ်းထုတ်ခဲ့သည်။)
     အာဗိဒ်ရှားဟ်ဟုစိုင်နီ၊တပည့် ငရွှေလူ၊ ငရွှေအေးတို့က နိုင်ငံတော်အတွင်း အရပ်ရပ်မြို့ရွာများမှာနေသည့် ပသီကုလားတို့ကို ၄င်းတို့ နိုင်ငံတော်အတွင်းရှိသည့် အရပ်ရပ် အာဗိရှားဟ် ဟုစိုင်နီ တပည့်တို့ ပြသနာ နာခံကြစေ။ ရခိုင်ပြည် လေးမြို့ကျေးရွာများမှာရှိနေကြသည့် ပသီကုလားတို့တွင် ဘာသာတရားစကားများကို အရပ်ရပ် ပသီကုလားတို့နည်းတူ အာဗိဒ်ရှားဟ်တို့ သိန္နီ တပည့်စစ်ကြောစီရင်စေ-
      (သက္ကရာဇ် ၁၁၆၉-ခု၊တန်ဆောင်မုန်း လပြည့်ကျော် - ၃ ရက်၊ နာခံတော် ဘရကျော်ထင်တွင် ပြန်သည်။)
ဘိုးတော်မင်းတရား ရာဇသတ်ကြီး၊စာပေဗိမာန်ထုတ်၊စာ(၁၇၆)

၁၇။ (၁၇၈၃)ခုတွင် ဘိုးတော်မင်းတရားကြီး အင်းဝမှ အမရပူရသို့ ပြောင်းရွှေ့ခဲ့ရာတွင် ဘုရင့်အမှုထမ်းများအတွက် အတည်တကျနေထိုင်ကြရန် ဘုံးအိုး၊စားကြင်ဝ၊ကြည့်မြင်တိုင်၊ကိုယ်ရံတော်၊အပ်ချုပ်ရပ်နှင့် အစ္စလာမ်သာသနာဝင်များအတွက် ရပ်ကွက်များသတ်မှတ်ပေးခဲ့သည်။ ရပ်ကွက်တိုင်းတွင် ဗလီများ ဆောက်ရန် နေရာများ သတ်မှတ်ပေးခဲ့သည်။ ၄င်းနှင့် ပတ်သက်၍ ထိုစဉ်က ထိုမြို့သစ်သို့ရောက်ရှိလာသော ရိုမန်ကက်သလစ် ခရစ်ယာန် ဘုန်းတော်ကြီး စန်ဂါမာနိုက မြို့၏ ဆင်ခြေဖုံးရပ်ကွက်များအကြောင်းကို ရေးသားခဲ့ရာတွင် ကသည်းနှင့် ယိုးဒယားတို့ထက် လူဦးရေပိုများဟန်တူသော ရပ်ကွက်မှာ မဟာမေဒင်(အစ္စလာမ်)ဘာသာဝင်တို့၏ ရပ်ကွက်ဖြစ်ကြောင်း၊ ယင်းတို့မှာ များသောအားဖြင့် ကူးသန်းရောင်းဝယ်ခြင်းဖြင့် အသက်မွေးမြူကြသူများဖြစ်ကြောင်း ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည် ကျင့်သုံးခွင့်ရှိ၍ ဗလီများစွာရှိကြောင်းဟု ဖော်ပြထားသည်။
Mandalay District Gazetteer, p.230.

၁၈။ မင်းတုန်းမင်းတရားကြီး လက်ထက် မန္တလေးမြို့တော်ကို တည်ထောင်သောအခါ စကြာနွယ်စဉ်(၈)ရပ်ကွက်၊ ကိုယ်ရံတော်ရပ်ကွက် နှင့် အပ်ချုပ်အရှေ့အနောက်(၂)ကွက်၊ တောင်ပလူရပ်ကွက်၊ ဂျွန်းတန်းရပ်ကွက်၊ စစ်ကိုင်းတိန်းရပ်ကွက်၊ ကုန်းရိုးရပ်ကွက်၊ ဝလီခန်ရပ်ကွက်၊ ကင်းတား ကုလားပျို ရပ်ကွက်၊ ရပ်ကွက်တိုင်း ဗလီနေရာပေါင်း(၂၀) သတ်မှတ်ပေးခဲ့သည်။
ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊မြန်မာမင်းများလက်ထက်စာတမ်း၊(၇၂)

၁၉။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တော်တွင် မန္တလေးမြို့၌ ဗလီပေါင်း(၃၀)ကျော်ခန့်ရှိပါသည်။ နန်းမြို့အတွင်းတွင် ရွေးလက်ယာသေနတ်အစုကို အမြဲချထားတော်မူရာ ထိုအစုဝင်တို့မှာ အစ္စလာမ်ဘာသာဝင်များသာဖြစ်သဖြင့် ၄င်းတို့အတွက် မင်းတုန်းမင်းတရားကြီးက ယခု လွတ်လပ်ရေးကျောက်တိုင် အရှေ့ဘက်၊ အရှေ့ မြို့ရိုးအနီးတွင် ဗလီတစ်လုံးကို ဆောက်လုပ်ပေးခဲ့ပါသည်။ ရွှေပန္နက်ရိုက်ပြီးမှ ဆောက်ပေးသော ဗလီဖြစ်သဖြင့် ရွှေပန္နက်ဗလီဟု ခေါ်သည်။ ၄င်းပြင် မင်းတုန်းမင်းတရားကြီးသည် နိုင်ငံသား အစ္စလာမ်သာသနာဝင်များ ဟဂ်ျပြုရာတွင် လွယ်လင့်တကူ တည်းခိုနိုင်ရန်အတွက် အရေးဗီးယားနိုင်ငံ မက္ကဟ်မြို့တွင် ဒေါင်းတံဆိပ် ခတ်နှိပ်ထားသော ဗရမာရိုဘတ်(မြန်မာဇရပ်)အမည်ရှိ ဇရပ်တစ်ထောင်ကို ဆောက်လုပ်၍ လှူဒါန်းတော်မူခဲ့သည်။ ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး တတိယအုပ်၊ စာမျက်နှာ(၄၄၀)တွင် မင်းတုန်းမင်းတရားကြီး၏ သံဝစ္စရ အလှူတော် စာရင်း၌ တူရကီနိုင်ငံ မက္ကဟ်မြို့ရှိ ပသီလူမျိုးတို့ ကိုးကွယ်သည့် ပသီကျောင်းကြီးအနီး စတုဒီသာ တည်းခိုရန် အုတ်ဇရပ်တော်ကြီး ဆောက်လုပ်လှူဒါန်းတော်မူသည် ဟု ပါရှိပါသည်။
ရွှေဘိုဦးဘဦးရေး၊မြန်မာမွတ်စ်လင်မ်တို့၏ အတ္ထုပ္ပတ္တိ

၂၀။ (မင်းတုန်းမင်းသည်) မာလာမွန် ခေါ် ဦးပွင့်ကို ယမ်းချက်ဝန်အဖြစ်ခန့်ခဲ့သည်။ စက်မှုလုပ်ငန်းတို့တွင် ဗမာမွတ်စ်လင်မ်(ပသီ)များ ပါဝင်ခဲ့သည်ကိုတွေ့ရှိရသည်။
ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)ပြုစုသည့် မြန်မာမင်းလက်ထက်စာတမ်းများ၊ စာမျက်နှာ (၆၆-၇၁-၇၂)

၂၁။ အထက်မြန်မာနိုင်ငံအား သိမ်းရန် ချီတက်လာသည့် အင်္ဂလိပ်နယ်ချဲ့တပ်ကို ရင်ဆိုင်တိုက်ရမည်ဟု ဘုရင့်အမိန့်နှင့်စစ်ကြေညာသည့်အတွက် စစ်ကြောင်းသုံးကြောင်း ချီတက်ရန် စီစဉ်ကြရသည်။ တောင်ငူ စစ်ကြောင်းချီတပ်တော်ကို ကွပ်ကဲ အုပ်ချုပ်ရန် အက္ကပတ်မြင်းဝန် ပင်လယ်မြို့စား မင်းကြီးမဟာမင်းထင်ရာဇာ (ငယ်အမည် ဦးချုံ၊ အစ္စလာမ်သာသနာဝင်)ကို ဗိုလ်ချုပ်အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည်။
ကုန်းဘောင်ဆက်ရာဇဝင်တော်ကြီး၊တတိယတွဲ၊စာမျက်နှာ(၇၀၀)

၂၂။ သီပေါမင်း (၁၈၇၈-၁၈၈၅)ခု၊ နန်းစံနျစ်များအတွင်း တရုတ်တို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ပြီး ဗန်းမော်မြို့ကို သိမ်းသဖြင့် မြန်မာဘုရင်ပိုင် သင်္ဘော(၃)စင်းနှင့် ခုခံတိုက်ခိုက်စေရာ တပ်ဗိုလ်အဖြစ် ဦးဘိုးကာ (နောင်-ပြင်ဦးလွင်မြို့နယ် အစ္စလာမ်ကောင်စီ နာယကကြီး) က တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ (၁၈၈၅)ခု၊ အင်္ဂလိပ် - မြန်မာ တတိယစစ်ပွဲတွင် မင်းလှခံတပ်မှ ဆီးကြိုတိုက်ခဲ့သည့် စစ်ပွဲတွင် အမြောက်တပ်ကို ဦးဘိုးကာ တပ်မှူးအဖြစ်တာဝန်ယူခဲ့ရသည်။
ယင်းမောင်မောင်-မန်းတက္ကသိုလ်၊ခေတ်ကြေးမြင်မဂ္ဂဇင်း

၂၃။ အင်္ဂလိပ်တိုက မြန်မာနိုင်ငံကို အပြီးတိုင် သိမ်းယူပြီးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ အဘိုး  ဗိုလ်မင်းရောင်ကဲ့သို့ အင်္ဂလိပ်နယ်ချဲ့တို့ကို တော်လှန်ကြသည့် နယ်ချဲ့ခေတ်ဦး တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် ဗိုလ်ရာကွတ် ဆိုသူ ပါဝင်ခဲ့ပါသည်။ ဗိုလ်ရာကွတ်ကို ဖမ်းမိပြီး ရာထူးပေး၍ ၄င်းတို့ဘက်တွင် ပါဝင်ရန် ကမ်းလှမ်းခဲ့သော်လည်း လက်မခံ။ ဘုရင်ချီးမြှင့်ထားသည့် ကတ္တီပါ အင်္ကျီစိမ်းကို ဝတ်၍ ကြိုးစင်တက်ခဲ့သည်။
ဆင်ဖြူကျွန်းအောင်သိန်းရေး၊ နယ်ချဲ့ခေတ်ဦး တော်လှန်ရေးသမားကြီးများ စာအုပ်

၂၄။ (၁၉၀၆)ခုနှစ်တွင်၊ ဗုဒ္ဓဘာသာ ကလျာန ယုဝအသင်း (ဝိုင်အမ်ဘီအေ)ပေါ်ခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဆောင်းဆိုမှုများ ဆောင်ရွက်ကြသကဲ့သို့ (၁၉၀၉)ခုနှစ်တွင် အစ္စလာမ်သာသနာဝင်များသည်လည်း ဘားမားမွတ်စ်လင်မ်စိုဆိုက်တီ အဖွဲ့ ထူထောင်ခဲ့ပြီး ဝိုင်အမ်ဘီအေကဲ့သို့ ဆောင်ရွက်ခဲ့ကြသည်။

၂၅။ (၁၉၂၀) ပြည့်နှစ်တွင် တက္ကသိုလ်ကျောင်းသားများ သပိတ်မှောက်ရေး ဦးစွာ စီစဉ်ခဲ့သူ (၁၁) ဦးတွင် ဦးဘရှင်-သံတွဲ (အစ္စလာမ် သာသနာဝင်)ပါဝင်ခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီထုတ်၊ အမျိုးသားနေ့နှင့် အမျိုးသား လှုပ်ရှားမှုသမိုင်းအကျဉ်း

၂၆။ (၁၉၂၀)ပြည့်နှစ် သပိတ်ကြီးကို အခြေခံပြီး အမျိုးသားကျောင်းများ ထူထောင်ဖွင့်လှစ်ခဲ့ကြရာတွင် မန္တလေးမြို့၌ ဆရာကြီးဦးရာဇတ် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၂၇။ ဦးဒူးဒူးဆိုသူ အစ္စလာမ်သာသနာဝင် က-တပ်သားကြီးနှင့် ဆရာစံသူပုန်ဌာနချုပ်အနီး၊ သာယာဝတီ ခရိုင်၊ ဥက္ကံမြို့ မြောက်(၅)မိုင်ကါာ ဆရာစံသူပုန်စခန်း အရှေ့ဘက် (၄)မိုင်ကွာရှိ ဝံကိုက်ရွာတို့မှ အစ္စလာမ် သာသနာဝင် ဘယ်သမားကြီးများ ပါဝင်ခဲ့ကြသည်။
(ကြိုးကျ ကျွန်ပြန် ဆရာစံသူပုန် က-တပ်သားကြီး ဦးဘိုးဖြူရေး ၊ နယ်ချဲ့သမားတို့ကို ကျွန်ုပ်တို့ တော်လှန်ခဲ့စဉ်က စာအုပ်၊ စာမျက်နှာ၊ ၄၆-၄၇တို့မှာ တွေ့ရပါသည်။)

၂၈။ အင်္ဂလိပ်အစိုးရက မြန်မာပြည် အုပ်ချုပ်ရေး အဆင့်တိုးပေးဖို့(၁၉၃၀)ခု၊ နိုဝင်ဘာလ ၊(၂၇)ရက်မှ (၁၉၃၁)ခု၊ ဇန္နဝါရီလ၊(၁၂)ရက် တိုင် အင်္ဂလန်နိုင်ငံတွင် ကျင်းပသော ရောင်းတေဘဲလ်ကွန်ဖရင့် (စားပွဲဝိုင်း ကွန်ဖရင့်) တက်ရောက်ခဲ့ကြသူများတွင် ဝတ်လုံတော်ရ ဦးအောင်သင်း (အစ္စလာမ် သာသနာဝင် ) ပါဝင်ခဲ့သည်။ 

၂၉။ (၁၉၃၀)ပြည့်နှစ် နောက်ပိုင်း နယ်ချဲ့ဆန့်ကျင်ရေးအတွက် တို့ဗမာ အစည်းအရုံး (သခင်လူငယ်အဖွဲ့) ပေါ်ခဲ့ပါသည်။ ၄င်းအဖွဲ့တွင် အစ္စလာမ်သာသနာဝင် လူငယ်များလည်း သခင်အဖြစ် ပါဝင်ခဲ့သည်။

၃၀။ ရေနံမြေ အလုပ်သမား သပိတ်ကြီးတွင် ဘဝတူ အလုပ်သမားများနှင့် အတူ အစ္စလာမ်သာသနာဝင် အလုပ်သမားများ ပါဝင်ခဲ့ကြသည်။
ဦးသော်ရေး-အိန္ဒိယမြန်မာဆက်ဆံရေးမှတ်တမ်း-(စာ-၁၂၇)

၃၁။ (၁၉၃၆-၁၉၃၈)ခုနှစ် ကျောင်းသား သပိတ် တိုက်ပွဲများတွင် တိုင်းရင်းသား အစ္စလာမ်သာသနာဝင် ကျောင်းသူ ကျောင်းသားများလည်း ပါဝင်ခဲ့ကြသည်။(၁၉၃၁) ပထမဦးဆုံး တကသဖြစ်မြောက်ရေး ဥက္ကဋ္ဌ ဦးကျော်ခင်၊ (၁၉၃၁)ပထမဦးဆုံး တကသ ဥက္ကဋ္ဌ ဦးထွန်းစိန်၊ (၁၉၃၆) ပထမဦးဆုံး ကျောင်းသားသမဂ္ဂ (ဗကသ)ဥက္ကဋ္ဌ ဦးရရှစ် (နောင်- ဝန်ကြီး၊ အစ္စလာမ်ကောင်စီ စတင် ဖွဲ့စည်းရာတွင် ဗဟိုအမှုဆောင်အဖြစ် ပါဝင်ခဲ့သူ) တို့မှာ  အစ္စလာမ် သာသနာဝင်များဖြစ်သည်။

၃၂။ (၁၉၃၈)ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ဗမာမွတ်စ်လင်မ် နိုးကြားရေးအဖွဲ့ ထူထောင်ခဲ့သည်။ တို့ဗမာအစည်းအရုံး၏ ကြွေးကြော်သံ ဗမာပြည်- ဒို့ပြည်၊ ဗမာစာ-ဒို့စာ၊ ဗမာစကား-ဒို့စကား  ဆိုသည့် ကြွေးကြော်သံကို ထပ်တူလက်ခံပြီး တို့ဗမာအစည်းအရုံးနှင့်  လက်တွဲကာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခဲ့သည်။

၃၃။ (၁၉၄၂-၁၉၄၅)ဂျပန်ခေတ် ဗမာ့လွတ်မြောက်ရေး တပ်မတော် (ဘီအိုင်အေ) မှ ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)ပြန်လည် ဖွဲ့စည်းရာ အစ္စလာမ်သာသနာဝင် လူငယ်တို့ ပါဝင် စစ်မှုထမ်းခဲ့သည်။

၃၄။ ဂျပန်ခေတ်အတွင်း ပေါ်ပေါက်ခဲ့သော အာရှလူငယ်အစည်းအရုံးများတွင် အစ္စလာမ်သာသနာဝင်များစွာ ပါဝင်ခဲ့ကြသည်။ အာရှ လူငယ် အစည်းအရုံး ဌာနချုပ်တွင် (ဇေယျကျော်ထင် ဗိုလ်မှူးကြီး)ဘရှင် (နောင်- အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ်)က ဥာဏဗလမှူးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၃၅။ ၁၉၄၅၊ဖက်ဆစ် ဂျပန် တော်လှန်ရေး တိုက်ပွဲ ဆင်နွှဲရာတွင်လည်း အစ္စလာမ်သာသနာဝင်များ ပါဝင်ခဲ့ကြသည်။ အချို့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြပါသည်။

၃၆။ (၁၉၄၅)ခု၊ ဒုတိယကမ္ဘာစစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် (ဖဆပလ)အဖွဲ့ချုပ်ကြီးက လွတ်လပ်ရေးအတွက် ကြိုးပမ်းရာတွင် အစ္စလာမ်သာသနာဝင်များသည်လည်း (၁၉၄၅)ခု၊ ဒီဇင်ဘာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်ကွန်ဂရက်၊ (ဗမက)အဖွဲ့ကြီး ကို ဖွဲ့စည်းပြီး(ဖဆပလ)တွင် တပ်ပေါင်းစု အဖွဲ့ဝင် အဖြစ် ပါဝင်ခဲ့ကြသည်။

၃၇။ (၁၉၄၆)ခု၊ ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပသော ပဏာမပြင်ဆင်မှုညီလာခံ၌ ဒီဒုတ် ဦးဘချို တင်သွင်းသော အဆိုအမှတ်(၆)တွင် ဗမာမွတ်စ်လင်မ် လူထုသည် အိန္ဒိယသားများနှင့်လမ်းခွဲကြပြီး မြန်မာများအဖြစ်ခံယူလာကြသည်ကို ကြိုဆိုကြောင်း၊ ၄င်းတို့ကို လူနည်းစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများ တန်းတူပေးရန် ဖဆပလ မှ တာဝန်ယူကြောင်းဖော်ပြပါရှိခဲ့ပါသည်။

၃၈။ ညီလာခံ၌ ပြည်နယ်ပြည်မ မခွဲခြားဘဲ ပူးပေါင်းလွတ်လပ်ရေးယူရန် အဆိုကို ဥိးဖေခင်(ဗမက)( နောင်- မဟာသရေ စည်သူ၊ သံအမတ်ကြီး၊ငြိမ်း၊အစ္စလာမ်ကောင်စီ နာယကကြီး)က အဆိုတင်သွင်းခဲ့ပါသည်။

၃၉။ (၁၉၄၇)ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ဖြစ်မြောက်ရေးအတွက် အဓိက ဆောင်ရွက်ခဲ့သူများတွင် ဦးဖေခင်(ဗမက)ပါဝင်ပါသည်။

၄၀။ (၁၉၄၇)ခုနှစ်၊ ဇူလိုင်(၁၉)တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး တိုင်းပြည်အတွက် အသက်ပေးလှူသွားကြရာတွင် အစ္စလာမ် သာသနာဝင်များဖြစ်ကြသော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်ကွန်ဂရက်၊(ဗမက)အဖွဲ့ကြီး ၏ ဥက္ကဋ္ဌဖြစ်သူ ဆရာကြီးဦးရာဇတ် နှင့် ရဲဘော်ကိုထွေး တို့နှစ်ဦး ပါဝင်ခဲ့ပေသည်။
(အစ္စလာမ်ကောင်စီ ဌာနချုပ် နာယကကြီး ပသီ ဦးကိုကိုလေး၏ အန်ဆွာရီ သင်တန်းပို့ချချက်များမှ ကောက်နှုတ်ဖော်ပြပါသည်။)

  

No comments:

Post a Comment