Tuesday, December 30, 2014

အစ္စလာမ်ကောင်စီပေါ်ပေါက်လာပုံ
**************************

၁။ မြန်မာနိုင်ငံသို့ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင်
အစ္စလာမ်သာသနာ ရောက်ရှိထွန်းကားခဲ့ပါသည်။
ရှေးမြန်မာမင်းများလက်ထက်ကာလက အစ္စလာမ်သာသနာ
သက်ဝင်ယုံကြည်သူ နိုင်ငံသားများကို ပသီ များဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ ၄င်း အစ္စလာမ်သာသနာဝင် ပသီများသည် အစ္စလာမ့်အဆုံးအမနှင့်အညီ ဘာသာတရားကိုင်းရှိုင်းကြ၍ သစ္စာရှိစွာ အမှုတော်ထမ်းခဲ့ကြသဖြင့် မြန်မာမင်းများက လုပ်မြေ နေမြေများ ချီးမြှင့်ခြင်း၊ ဝတ်ပြုကိုးကွယ်ရန်အတွက် ဗလီဝတ်ကျောင်းတော်များနှင့် သာသနိက အဆောက်အအုံများ လျှူဒါန်းခြင်းတို့ဖြင့် မြှောက်စား ချီးမြှင့်ခြင်း ခံခဲ့ကြရပါသည်။

၂။ (၁၈၂၄)ခုနှစ်တွင် ပထမအကြိမ်၊(၁၈၅၂)ခုနှစ်တွင် ဒုတိယအကြိမ်၊(၁၈၈၅)ခုနှစ်တွင် တတိယအကြိမ်၊ အင်္ဂလိပ်-မြန်မာ စစ်ပွဲများ ဖြစ်ပွားခဲ့ကြပြီးနောက် အင်္ဂလိပ်တို့က မြန်မာနိုင်ငံတော် တစ်ဝန်းလုံးအား သိမ်းပိုက် အုပ်စိုးခဲ့ပါသည်။ ထိုစစ်ပွဲများတွင် လည်းကောင်း၊ ထိုစစ်ပွဲများပြီးနောက် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများတွင် လည်းကောင်း၊ အခြား တိုင်းရင်းသား ညီနောင်များနည်းတူ အစ္စလာမ်သာသနာဝင် ပသီ များ သည်လည်း ပါဝင် ဆင်နွှဲခဲ့ကြပါသည်။

၃။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးအား ကျွန်ပြုအုပ်ချုပ်ရာတွင် ၄င်းတို့စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းတစ်ပါးမှ အခြေချလိုသူများအား မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုခဲ့ရာ ဝင်ရောက်လာကြသူ တိုင်းတစ်ပါးသားများအနက် အိန္ဒိယနိုင်ငံဖွား အစ္စလာမ် သာသနာဝင်များလည်း ပါရှိခဲ့ပါသည်။

၎။ (၂၀)ရာစု အစပိုင်း၌ မြန်မာတိုင်းရင်းသားများ အမျိုးသားရေးစိတ်များ နိုင်းကြားလာကာ ဘာသာရေးအဖွဲ့အစည်းများကို ထူထောင်ဖွဲ့စည်းကြရာတွင် အစ္စလာမ်သာသနာဝင်တို့သည်လည်း(၁၉၀၉)ခုနှစ်တွင် အစ္စလာမ်သာသနာဝင် ဗမာမွတ်စလင်မ်များအတွက် ဟူသော ကြွေးကြော်သံဖြင့် ဟာဂျီ အီစွတ် မိုဟီဒင်၊ မစ္စတာAရဟင်နှင့် ဟာဂျီ ဦးဘအို(KIH)တို့ ဦးဆောင်၍ ဘားမား မွတ်စ်လင်မ် ဆိုစိုက်တီ (Burma Muslim Society)ကို ဖွဲ့စည်းခဲ့ပါသည်။

၅။ (၁၉၁၅)ခုနှစ်တွင် မြန်မာနိုင်ငံရှိ အစ္စလာမ်သာသနာဝင်တို့၏ ပညာရေး မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာမွတ်စ်လင်မ်ပညာရေးအဖွဲ့ချုပ်ကို ဖွဲ့စည်းကာ ပညာရေးကွန်ဖရင့်များကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့ကြီးများတွင် အလှည့်ကျ နှစ်စဉ်ကျင်းပခဲ့ပါသည်။

၆။ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်တို့က အစ္စလာမ်ဘာသာရေးကျောင်းများ၌ မြန်မာစာပေဖြင့် သင်ကြားလိုကြခြင်းကို အစ္စလာမ်သာသနာနှင့် အိန္ဒိယယဉ်ကျေးမှုအား ကွဲပြားစွာ သုံးသပ်နိုင်စွမ်းမရှိသူ အစ္စလာမ်သာသနာဝင်အချို့တို့က ဆန့်ကျင်ကန့်ကွက်၍ အိန္ဒိယစာပေ(အူရ်ဒူစာ)၊ ယဉ်ကျေးမှုရိုးရာ ဓလေ့ထုံးတမ်းများကို အတင်းအကြပ်သင်ကြားစေမှုကြောင့်လည်းကောင်း၊ လူဦးရေ စာရင်းကောက်ရာတွင် တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များကို အိန္ဒိယနိုင်ငံဖွားများစာရင်းတွင် ထည့်သွင်းခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ မြန်မာနိုင်ငံအား အိန္ဒယနိုင်ငံနှင့် တွဲရေး-ခွဲရေး ကိစ္စတွင် တိုင်းရင်းသားနွယ်ဖွား အစ္စလာမ်သာသနာဝင်များက တွဲရေးဘက်ကနေ ထောက်ခံခဲ့ကြသဖြင့်လည်းကောင်း၊ (၁၉၂၉)ခုနှစ်တွင် မြန်မာမွတ်စ်စလင် ပညာရေးအဖွဲ့ချုပ် အတွင်းတွင် သဘောထားကွဲမှုများ အထွတ်အထိပ်ရောက်ရှိကာ (၁၉၃၀)ခုတွင် တိုင်းရင်းသားအစ္စလာမ် သာသနာဝင်များ ခွဲထွက်ပြီး ဂျီစီဘီအေ (THE  GENERAL  COUNCIL OF BURMA  MUSLIM  ASSOCIATION) ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

၇။ (၁၉၃၈)ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်တွင် တိုင်းတစ်ပါးသားတို့၏ တိုင်းရင်းသားများအပေါ် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ၊ ယဉ်ကျေးမှု စသည့် နယ်ပယ်များတွင် လွှမ်းမိုးချယ်လှယ်နေခြင်းကို ရင်ဆိုင်အံတု၍ အမျိုးသားရေးနှင့် သာသနာရေးများကို ဆောင်ရွက်ရန်အတွက် ဗမာမွတ်စ်လင်မ် နိုးကြားရေး အဖွဲ့ချုပ် အား မန္တလေးမြို့တွင် ဥက္ကဋ္ဌ ဦးသိန်းမောင်(စကြာနွယ်စဉ်) ၊ အတွင်းရေးမှူး ဦးသန်းရွှေ တို့ ဦးဆောင်ဖွဲ့စည်းခဲ့ပါသည်။ (၁၉၄၁)ခု နိုးကြားရေးညီလာခံ၌ ဆရာကြီးဦးရာဇတ်(အာဇာနီခေါင်းဆောင်ကြီး)ကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါသည်။

၈။ ဒုတိယစစ်ကြီး ပြီးသည့် (၁၉၄၅)ခုနှစ်တွင် (THE GENERAL COUNCIL OF BURMA MUSLIM ASSOCIATION) ( ဂျီဘီအမ်အေ) အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဗမာမွတ်စလ်လင်မ် လူငယ်များ အစည်းအရုံး(ဗမလ)ကိုဖွဲ့စည်းခဲ့ပါသည်။

၉။ ထိုနှစ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ယနေ့ တိုင်းပြည်အခြေအနေသည် တစ်မျိုးသားလုံး သွေးစည်းညီညွတ်ကြရန် အလွန်လိုအပ်နေသဖြင့် ဗမာမွတ်စ်လင်မ်များ ညီညီညွတ်ညွတ်နှင့် အဖွဲ့အစည်းကြီးတစ်ရပ်ဖွဲ့စည်းကာ(ဖ-တ-ပ-လ)အဖွဲ့ကြီးတွင် တပ်ပေါင်းစုအဖြစ် ပါဝင်ရန် တိုက်တွန်းချက်အရ ဆရာကြီးဦးရာဇတ်က ဦးဆောင် ဆော်သြ၍(၁၉၄၅)ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်၊ (၂၅)ရက် နှင့် (၂၆)ရက်တို့တွင် ပျဉ်းမနားမြို့
၌ ညီလာခံကြီးတစ်ရပ် ခေါ်ယူကျင်းပခဲ့ပါသည်။

၁၀။ ၄င်းညီလာခံကြီးသို့ မြန်မာနိုင်ငံတစ်ဝှမ်းမှ တစ်သီးပုဂ္ဂလမွတ်စ်လင်ခေါင်းဆောင်များ၊ ဖွဲ့စည်းပြီးသော (ဂျီစီဘီအမ်အေ)နှင့် (ဗမလ)အဖွဲ့ခေါင်းဆောင်များ ပါဝင်တက်ရောက်စေ၍ အဖွဲ့ဟောင်းအားလုံးကို ဖျက်သိမ်းကာ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် ကွန်ဂရက် (ဗ-မ-က)  (ALL   BURMA  MUSLIM  CONGRESS)အဖွဲ့ကြီးကို ဆရာကြီး ဦးရာဇတ်အား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးခင်မောင်လတ် (နောင်တွင် -တရားရေးဝန်ကြီးဌာန ဝန်ကြီးနှင့် အစ္စလာမ်ကောင်စီဌာနချုပ် ဥက္ကဋ္ဌ)အား အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း တင်မြှောက်ဖွဲ့စည်းခဲ့ပါသည်။

၁၁။ ( ဗ-မ-က) အဖွဲ့ကြီးသည် ညီညွတ်သော တိုင်းရင်းသား သာသနာ့ပညာရှင်များအဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ပေါ်လာရေးအတွက် (ဗ-မ-က)၏ ဘာသာရေးမှူး မောင်လာနာ ဃာဇီ မိုဟမ္မဒ်ဟာရှင်မ်(နောင် - ဗမာမွတ်စ်လင်မ် အိုလမာအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အစ္စလာမ်ကောင်စီ ဌာနချုပ် ဥက္ကဋ္ဌ)အား လည်းကောင်း ၊ ညီညွတ်သော ဗမာမွတ်စ်လင်မ် အမျိုးသမီးအဖွဲ့ချုပ်ကြီး ဖြစ်မြောက်စေရေးအတွက် ဒေါ်စောရွှေ (နောင်- ဝဏ္ဏကျော်ထင် ဟာဂျီမ ဒေါ်စောရွှေ၊ ပါလီမန်အမတ်၊ (ဗ - မ - က)  ဥက္ကဋ္ဌ ၊ အစ္စလာမ် ကောင်စီ ဌာနချုပ် ဗဟို အမှုဆောင်)၊ ဒေါ်သက်မေ၊ ဒေါ်မြမြတင်တို့အား လည်းကောင်း တာဝန်ပေးခဲ့ပါသည်။

၁၂။ ထိုသို့ တာဝန်ပေးချက်အရ (၂၃-၂-၁၉၄၆)ရက်နေ့တွင် ရန်ကုန်၌ သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ်အမျိုးသမီးအဖွဲ့ချုပ် (ဗ-မ-အ)ကို ဥက္ကဋ္ဌ ဒေါ်စောရွှေအား တင်မြှောက်၍ ဖွဲ့စည်းခဲ့ပါသည်။

၁၃။ အလားတူပင် (၂၃-၈-၁၉၄၆)ရက်နေ့တွင် သာစည်မြို့၌ သာသနာ့ပညာရှင်များ အစည်းအဝေးကြီး ကျင်းပ၍ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စ်လင်မ် အိုလမာ အဖွဲ့ချုပ်ကို ဥက္ကဋ္ဌ ဃာဇီမိုဟမ္မဒ်ဟာရှင်မ်အား တင်မြောက်၍ ဖွဲ့စည်းခဲ့ပါသည်။
(အိုလမာအဖွဲ့ချုပ်သည် ၁၉၅၁ခု၊မေလတွင် ကျင်းပသော ညီလာခံ၌ ရန်ကုန်မြို့ရှိ ဂျမီအသ်အဖွဲ့နှင့် တစ်ဖွဲ့တည်းအဖြစ် ပူးပေါင်းလိုက်သည်။)

၁၄။ ဗ-မ-က အဖွဲ့ကြီးသည်(၁၉၄၆)ခု၊ဇန်နဝါရီတွင် ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပသည့် ဖ-ဆ-ပ-လ ညီလာခံ၌ စတင်ကာ လူမျိုးစုအဖွဲ့အစည်းတစ်ရပ်အဖြစ် ဖ-ဆ-ပ-လ တွင် တပ်ပေါင်းစု ပါဝင်၍ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၁၅။ (၁၉၄၈)ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက် အစိုးရက ဘာသာ သာသနာအသီးသီးအား နှစ်စဉ် သာသနာ့ထောက်ပံ့ကြေးငွေ ချီးမြှင့်ရာတွင် ဗ-မ-က အဖွဲ့ကြီးသည် အစ္စလာမ်သာသနာဝင် တစ်မျိုးသားလုံးကို ကိုယ်စားပြုသော အဖွဲ့အစည်းကြီးဖြစ်သော်လည်း အမျိုးသားရေးကို ဆောင်ရွက်သော အဖွဲ့ဖြစ်သဖြင့် သာသနာ့ထောက်ပံ့ကြေးငွေကို လက်ခံနိုင်ခဲ့ခြင်းမရှိပါ။ ကျန်အဖွဲ့အစည်းများသည်လည်း တစ်မျိုးသားလုံးကို ကိုယ်စားပြု၍ နိုင်ငံတော်ကချီးမြှင့်သော ထောက်ပံ့ကြေးကို လက်ခံနိုင်ခဲ့ခြင်း မရှိခဲ့ပါ။ အိုလမာအဖွဲ့ချုပ်သည် သာသနာ့ပညာရှင်များကိုသာ ကိုယ်စားပြုခြင်း၊ အမျိုးသမီးအဖွဲ့ချုပ်သည် အမျိုးသမီးများကိုသာ ကိုယ်စားပြုခြင်း၊ လူငယ်အဖွဲ့သည် လူငယ်များကိုသာ ကိုယ်စားပြုခြင်းကြောင့်ဖြစ်ပါသည်။ ထို့အတွက် နိုင်ငံတော်က ချီးမြှင့်သော သာသနာ့ထောက်ပံ့ကြေးငွေကို ဗ-မ-က အဖွဲ့မှ  အောက်ပါ ပုဂ္ဂိုလ်များ အမည်ဖြင့် ဘဏ်၌ ယာယီအပ်နှံငွေစာရင်းဖွင့်ထားခဲ့ရပါသည်။

(က)ဦးခင်မောင်လတ်(ထိုစဉ်က-ဝန်ကြီး၊တရားရေးဝန်ကြီးဌာန)
(ခ) မစ္စတာ စူလတန်အဟ်မဒ်(ထိုစဉ်က-ပါလီမန်အမတ်)
(ဂ)ဒေါ်ခင်ခင်(ဆရာကြီးဦးရာဇတ်၏ ဇနီး)
(ဃ)ဟာဂျီမ ဒေါ်စောရွှေ(ထိုစဉ်က-လူမျိုးစုလွှတ်တော်အမတ်)
(င) ဦးသန်းညွန့်(ထိုစဉ်က-ပါလီမန်အမတ်)

၁၆။ (၁၉၅၄)ခုနှစ်တွင် ဖ-ဆ-ပ-လ အစိုးရက ဗ-မ-က အဖွဲ့သည် ဘာသာရေးနှင့် နိုင်ငံရေး ရောထွေးနေသည်ဟု အကြောင်းပြကာ ဗ-မ-က အဖွဲ့ကြီးကို ဖျက်သိမ်းရန် အရေးဆိုလာပါသည်။ ထို့အပြင် အစ္စလာမ်သာသနာဝင်အားလုံးကို ကိုယ်စားပြု၍ အစ္စလာမ်ရေးရာများဆောင်ရွက်သော နိုင်ငံလုံးဆိုင်ရာ အစ္စလာမ့်အဖွဲ့အစည်းကြီးတစ်ရပ်ဖွဲ့စည်းရန်လည်း တိုက်တွန်းလာပါသည်။

၁၇။ ထိုသို့သော အခြေအနေများကြောင့် ဗ-မ-က ဌာနချုပ်မှ ဥက္ကဋ္ဌ ဦးခင်မောင်လတ်၊ အထွေထွေအတွင်းရေးမှူး ဆရာဦးဘိုးချယ်၊ ဒေါက်တာဦးကျော်ငြိမ်း ၊ အိုလမာအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ မောင်လာနာ အိဗ်ရာဟီမ်အဟ်မဒ်(မဇွာဟေရီ)၊ အထွေထွေ အတွင်းရေးမှူး မောင်လာနာ ဃာဇီ မိုဟမ္မဒ် ဟာရှင်မ်၊ မောင်လာနာ မုဖ်သီ မဟ်မုဒ် ဒါဝူးဒ် ယူစွဖ်၊ ဗ-မ-က ဌာနချုပ်မှ ဥက္ကဋ္ဌ ဒေါ်စောရွှေ၊ ဒေါ်စိန်စိန်၊ ဒေါ်သက်မေ တို့သည်(၂-၁၁-၁၉၅၄)ရက်နေ့တွင် ဗ-မ-က ဌာနချုပ်ရုံး၌ တွေ့ဆုံစည်းဝေး၍ အစ္စလာမ်ကောင်စီဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။

၁၈။ ထိုဆုံးဖြတ်ချက်အရ(၁၉၅၄)ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့တွင် ရန်ကုန်မြို့၊ ကနေဒီလမ်း(ယခု-ကန်ရိပ်သာလမ်း)ရှိ ဇိနသ်အစ္စလာမ် ယောက်ျားလေးများဂေဟာ ၌ အောက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် အစ္စလာမ်သာသနာရေးရာကောင်စီအား စတင်ဖွဲ့စည်း တည်ထောင်ခဲ့ပါသည်။


(၁၉၅၄)ခုနှစ်၊ဒီဇင်ဘာလ(၅)ရက်နေ့တွင်
အစ္စလာမ်သာသနာရေးရာကောင်စီအား
စတင်ဖွဲ့စည်းခဲ့သော ဗဟိုအမှုဆောင်အဖွဲ့

၁။ ဦးခင်မောင်လတ်(ထိုစဉ်က-တရားရေးဝန်ကြီးဌာနဝန်ကြီး) -ဥက္ကဋ္ဌ
၂။ မောင်လာနာ အိဗ်ရာဟီမ် အဟ်မဒ်(မဇွာဟိရီ) -ဒုတိယဥက္ကဋ္ဌ
၃။(သီရိပျံချီ၊အလ်ဟာဂ်ျ)မောင်လာနာဃာဇီမိုဟမ္မဒ်ဟာရှင်မ် -အတွင်းရေးမှူး
၎။ အလ်ဟာဂ်ျ ဆရာကြီး အဗ်ဒုလ္လာဟ်  -တွ့ဖက်အတွင်းရေးမှူးချုပ်
၅။ ဝဏ္ဏကျော်ထင် ဦးဘအေး   -ဘဏ္ဍာရေးမှူး
၆။ ပါမောက္ခဆရာကြီးဦးကာ(ရန်ကုန်တက္ကသိုလ်၊သင်္ချာဌာန) - စာရင်းစစ်
၇။ (အလ်ဟာဂ်ျ) မောင်လာနာ မုဖ်သီ မဟ်မူဒ် ဒါဝူဒ် ယူစွဖ်  -အမှုဆောင်
၈။ ဦးရရှစ်(ထိုစဉ်က- ကုန်သွယ်ရေးဌာနဝန်ကြီး) - အမှုဆောင်
၉။ (ဇေယျကျော်ထင်)ဗိုလ်မှူးကြီးဘရှင်  -အမှုဆောင်
၁၀။ သီရိပျံချီ ဦးဘစိန် (တိုင်းမင်းကြီး)  -အမှုဆောင်
 ၁၁။ ဆရာဦးဘိုးချယ်(ပါလီမန်အမတ်) (နိုင်ငံဂုဏ်ရည် ပထမအဆင့်) -အမှုဆောင်
၁၂။ ဒေါက်တာဦးကျော်ငြိမ်း (မော်ကွန်းဝင် ဒုတိယအဆင့်) - အမှုဆောင်
၁၃။ ဦးကိုကိုလေး (ထိုစဉ်က-စာရင်းစစ်ချုပ်)
၁၄။ (ဝဏ္ဏကျော်ထင်)(ဟာဂျီမ)ဒေါ်စောရွှေ - (ပါလီမန်အမတ်) -အမှုဆောင်
၁၅။ ဆရာမကြီး ဒေါ်သက်မေ   - အမှုဆောင်
၁၆။ ဆရာမကြီး ဒေါ်စိန်စိန်     -အမှုဆောင်
၁၇။ မစ္စတာ စုလ်သွာန် အဟ်မဒ် (ပါလီမန်အမတ်) -အမှုဆောင်
၁၈။ (အလ်ဟာဂ်ျ)မောင်လာနာကာရီ မက္ကဆူဒ် အဟ်မဒ်ခန်း(ခ)ဆရာကြီး ဦးခင်မောင်ကြီး  -အမှုဆောင်
၁၉။(အလ်ဟာဂ်ျ)မောင်လာနာ ဗရှီရုလ္လာ (တာမွေ-ဒါရုလ်အိုလူမ် အရဗီသိပ္ပံကျောင်းအုပ်) အမှုဆောင်
၂၀။ စည်သူ ဦးဘကြွယ် (မန္တလေး)  - အမှုဆောင်
၂၁။ ဦးဘိုးခိုင် (စစ်တွေ) (ပါလီမန်အမတ်)  - အမှုဆောင်
၂၂။ ဆရာကြီးပုံ (ရွှေဘို) (ဆားကုန်း၊အရဗီသိပ္ပံကျောင်းအုပ်)  -အမှုဆောင်
၂၃။ မောင်လာနာ ဂျမာလုဒ်ဒီန် (မန္တလေး)  - အမှုဆောင်
၂၄။ ဆရာကြီး ဦးဂိုလာမ် (မော်လမြိုင်)
၂၅။ မောင်လာနာ အိဗာဒုလ္လာဟ်(ကျောက်မဲ)  - အမှုဆောင်
၂၆။ ဆရာကြီး ဦးသန်းဖေ (ပျဉ်းမနား)   - အမှုဆောင်(တိုးချဲ့ခန့်)
၂၇။ ဆရာကြီးခင် (မိတ္ထီလာ)  -အမှုဆောင်(တိုးချဲ့ခန့်)

**********************

၁၉။ ထိုသို့ အစ္စလာမ်ကောင်စီဖွဲ့စည်းပြီးနောက် (၂၆-၁၂-၁၉၅၅)ရက်နေ့တွင် ကျင်းပသော (ဗမက) အဖွဲ့ကြီး၏ (၈)ကြိမ်မြောက် ညီလာခံသို့ ဖဆပလ ကိုယ်စားလှယ် ဝန်ကြီး ဦးကျော်ငြိမ်း တက်ရောက်၍ အစ္စလာမ်ကောင်စီဖွဲ့စည်းပြီးဖြစ်သဖြင့် သာသနာထောက်ပံ့ ငွေများကို ယင်းကောင်စီသို့ လွှဲအပ်ပေးပြီးဖြစ်ကြောင်းနှင့်(ဗ-မ-က)အဖွဲ့ကြီးကို ဖျက်သိမ်းရန် (ဖ-ဆ-ပ-လ)အဖွဲ့ချုပ်၏ သဘောထားကို တင်ပြခဲ့ပါသည်။

၂၀။ (ဗ-မ-က)ကိုယ်စားလှယ်များက ချက်ချင်းဖျက်သိမ်းခြင်းကို သဘောမတူဘဲ တဖြည်းဖြည်းနှင့်သာ ဖျက်သိမ်းသွားရန်ဆုံဖြတ်သဖြင့် (၂၉-၁၂-၁၉၅၅) ရက်နေ့တွင် ဝန်ကြီးချုပ်ဦးနုကိုယ်တိုင် ညီလာခံ လူထုရှင်းလင်းပွဲသို့လာရောက်၍ (၃၀-၉-၁၉၅၆)ရက်နေ့ နောက်ဆုံးထား၍ (ဗ-မ-က)အဖွဲ့အား ဖျက်သိမ်းရန်နှင့် နိုင်ငံရေးလုပ်လိုလျှင် (ဖ-ဆ-ပ-လ)အထဲကိုဝင်ပါ။ သာသနာရေးလုပ်ချင်ရင် ကောင်စီကို ဝင်ပါ ဟု ပြောဆိုကာ အပြီးသတ် ရက်သတ်မှတ်ညွှန်ကြားခဲ့သဖြင့် ငွေစာရင်းများနှင့် ဌာနချုပ်ရုံးခန်းကို အစ္စလာမ်ကောင်စီသို့ လွှဲပြောင်းပေးအပ်၍ (ဗ-မ-က)အဖွဲ့ကြီးအား ဖျက်သိမ်းပေးခဲ့ရသည်။ 


No comments:

Post a Comment