Friday, January 2, 2015

بسم الله الرحمن الرحيم 

အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာ

နာယကကြီးများနှင့် ဌာနချုပ်ဥက္ကဋ္ဌကြီး၊ ဌာနချုပ် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအမှုဆောင် လူကြီးများခင်ဗျာ။

     ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြုပါသည်။ ၄င်းနောက် နဗီတမန်တော်မြတ်အပေါ်သို့ စွလဝါသ်စလာမ်များပို့သပါသည်။ အလ္လာဟ် အရှင်မြတ်က ကျွန်တော်တို့အား လူ့ဘဝလမ်းဖြောင့်လမ်းမှန်အတိုင်း ခရီးနှင်ရေး ညွှန်ကြားပြသရန် နဗီတမန်တော်မြတ်ကို ခန့်အပ်စေလွှတ်တော်မူခဲ့ခြင်းဖြစ်ပါသည်။
      အလ္လာဟ်အရှင်မြတ်၏ အမိန့်ပညတ်အရပ်ရပ်ကို နာခံရာတွင် အရှင်မြတ် နှစ်ခြိုက်ကြည်ဖြူမှုရလိုပါက ကျွန်တော်တို့အနေနှင့် နဗီတမန်တော်မြတ်(စွ)၏ လမ်းညွှန်ပြသထားသည့် နည်းနာနိဿျှ ည်းများအတိုင်း လိုက်နာကျင့်သုံးကြရပါမည်။ ထိုသို့လိုက်နာကျင့်သုံးနေထိုင်ကြမှ ဤဒွန္နယာလူ့လောကနှင့် နောင် တမလွန်အာခေရသ်တွင် အောင်မြင်မှုပန်းတိုင်သို့ ပေါက်ရောက်နိုင်ကြမည် ဖြစ်ပါသည်။
      ဤဒွန္နယာလူ့လောကနှင့် နောက်တမလွန် အာခေရသ်လောက၊ ယင်းလောကနှစ်ဌာနလုံးမှာ အောင်မြင်မှုရရှိနိုင်သည့် နည်းနာ နိဿျ ည်းများအား ကျွန်တော်တို့ မည်သို့မည်ပုံဆွတ်ခူးရရှိနိုင်ပါသနည်း၊ ယင်းလုပ်ငန်းအတွက် ကျွန်တော်များအချိန်ပေး ကြိုးပမ်းလုပ်ဆောင်သွားကြရန် အထူးလိုအပ်ပါသည်။ ကျွန်တော်တို့၏ တာဝန်မှာ ကျွန်တော်တို့၏ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်လျှက်ရှိကြသည့် အစ္စလာမ်သာသနာဝင် ကျား/မ ၊ လူကြီးလူငယ်မရွေး ယင်းနည်းနာ နိဿျ ည်းများနှင့်အညီ သာသနာ့ကျင့်သုံးမှုများ လွယ်ကူစွာ လိုက်နာကျင့်သုံးနိုင်သည့် အခွင့်အလမ်းရရှိအောင် ဖန်တီးပေးရေးတွင် ရှေ့တန်းမှ ဦးဆောင်မှုပေးကြရန် ဖြစ်ပါသည်။

(က)အစ္စလာမ်ကောင်စီ၏ မူဝါဒနှင့် ရည်ရွယ်ချက်များ

      ယခုအချိန်တွင် သာသနာ့လုပ်ငန်းများ ယခင်ကကဲ့သို့ ဖိဖိစီးစီး ဆောင်ရွက်နိုင်ရန် အခြေအနေမပေးပဲရှိနေပါသည်။
      တမန်တော်မြတ်လက်ထက်တော်က ရန်သူများနှင့် တိုက်ပွဲဝင်ဆင်နွှဲနေသည့်ကြားမှပင် အခက်အခဲများစွာကြားမှ အုပ်စုခွဲ၍ စွလာတ်ဝတ်ပြုမှုကို လက်မလွတ်စေပဲ၊ ဓွလာတ်ဝတ်ပြုမှုကို သူ့အချိန်နှင့်သူ ချိန်သားကိုက်ခါ တိတိကျကျ ဝတ်ပြုကြရန် မလုပ်မနေရ အဓိကတာန်ဝန်ဖြစ်ခဲ့ပါသည်။ ထိုနည်းတူ အစ္စလာမ်ကောင်စီ၌ တာဝန်ယူဦးဆောင်မှုပေးနေသည့် ကျွန်တော်တို့မှာ အခြေအနေ မည်သို့ပင်ရှိစေ၊ အခြေအနေ မပေးသည်ပင် ရှိစေဦး ၊ သာသနာ့ကျင့်သုံးမှုတိမ်းစောင်းမသွားစေရန်မှာလည်း ကြံ့ကြံ့ခံရပ်တည်လျက် အစဉ်အမြဲ မနေမနား ကြိုးပမ်းလုပ်ဆောင်သွားကြဖို့ သတိသမ္ပစဉ် အထူးရှိဖို့လိုအပ်ပါသည်။
      အစ္စလာမ့် ယုံကြည်ချက်များ သာသနာ့ကျင့်စဉ်ရပ်များကို အစ္စလာမ်သာသနာဝင်တို့၏ လူအဆက်ဆက်တို့အား လွယ်ကူစွာ သိနားလည်စေရန်နှင့် လိုက်နာကျင့်သုံးနေထိုင်ရေးကို ဥိးဆောင်မှုပေးခြင်း၊ လိုအပ်သည့် ကြီးကြပ်ကွပ်ကဲမှုတာဝန်များ ယူလျှက် ကျွန်တော်တို့က ရှေ့တန်းက ဆောင်ရွက်ပေးသွားကြရန်ဖြစ်ပါသည်။ 


 (ခ) သာသနာ့စုစည်းမှု ပိုမိုခိုင်မြဲရေး

     အစ္စလာမ့်တရားတော်က သာသနာ့ စုစည်းမှုကို အခိုင်အမာ ကျစ်လစ်စွာ ဖွဲ့စည်းထားရန် ကုရ်အာန်ကျမ်းမြတ် (၅း၃) တွင် မိန့်ဆိုပြဋ္ဌာန်းထားချက်အရ ကျွန်တော်တို့၏ အစ္စလာမ်ကောင်စီ အဖွဲ့သည် လာအေ့လာဟအစ်လောလ္လာဟို့မိုဟမ္မဒွရ်ရစူလွလ္လာဟေ့ ဖတ်ရွတ် ခံယူထားသူ ကျား/မ-လူကြီး၊ကလေး အားလုံးကို စနစ်ကျနစွာ စုစည်းယူရပါမည်။ အလ္လာအရှင်၏ သာသနာတော်ကို အလ္လာဟ်၏ကြိုးနှင့် တစ်ဦးကို တစ်ဦး တုပ်နှောင်ဖွဲ့စည်းရဘိသကဲ့သို့ ကျွန်တော်တို့နိုင်ငံအတွင်း မှီတင်းနေထိုင်လျှက် ရှိကြသည့် သာသနာဝင်ထု တစ်ရပ်လုံး၏ သာသနာ့စုစည်းမှုအနေအထားအရ ကိုယ်စားပြုသာသနာ့အဖွဲ့အစည်းအဖြစ်နှင့် ရပ်တည်နေနိုင်ရန်ကိုလည်း အချိန်ရှိသရွေ့ ဝါယမစိုက်ထုတ်ကာ သာသနာ့ စုစည်းမှုကို ရယူရန် သတိရှိကြဖို့လိုအပ်ပါသည်။
      မြို့နယ် အစ္စလာမ်ကောင်စီခွဲ အချို့တွင် ဆန့်ကျင်ဘက် အစ္စလာမ်အဖွဲ့အစည်းများစွာတို့သည်လည်းကောင်း၊ ယင်းအဖွဲ့အစည်းတို့မှ လက်ပါးစေတို့သည်လည်းကောင်း၊ နည်းမျိုးစုံကို အသုံးပြုလျှက် အစ္စလာမ်ကောင်စီအဖွဲ့နှင့် အဖွဲ့ဝင်များကို လျှို့ဝှက်စွာတနည်း၊ ဗြောင်းကျကျတစ်ဖုံ သိက္ခာကျအောင်နှင့် အမြင်တစ်မျိုးဖြစ်အောင်ြု့လုပ်ပြောဆိုနေကြသည်များကိုလည်း တွေ့မြင်ကြားသိနေရပါသည်။ ဤကိစ္စကိုလည်း ပြတ်ပြတ်သားသား အရေးယူနိုင်သည့် နည်းလမ်းများရှာဖွေပြီး ဟန့်တားရန် အစီအမံပြုလုပ်ပေးသင့်ပါသည်။
      အစ္စလာမ်ကောင်စီ ဌာနချုပ်သည် တိုင်းရင်းသား၊ နိုင်ငံသား ၊ နိုင်ငံသားပြုခံရသူများ၏ တစ်ခုတည်းသော ကိုယ်စားပြုအဖွဲ့အစည်းကြီးတစ်ရပ်အဖြစ်နှင့် ရပ်တည်နေနိုင်ရန်မှာ ဗဟိုအမှုဆောင်အဖွဲ့၏ စီမံကွပ်ကဲမှုအပေါ်၌ လုံးဝ တည်မှီနေသည်ဖြစ်ရာ ပေါ်ပေါက်လာသည့် အခြေအနေအားလုံးကို ဦးဆောင်ဖြေရှင်းပေးနိုင်ရမည်ဖြစ်ပါသည်။
     ဗဟို အမှုဆောင်တိုင်းသည် အစ္စလာမ်ကောင်စီကို တာဝန်ခံရသည့် ပုဂ္ဂိုလ်ဖြစ်၍၊ အစ္စလာမ်သာသနာဝင်အားလုံးတို့၏ ပြဿ     နာရပ်များကို လစ်လှူ ရှု့မထားသင့်ပါ။ မိမိနှင့် တိုက်ရိုက်သက်ဆိုင်သည့်ပြဿ     နာဟု နှလုံးသွင်းကာ အစ္စလာမ်ကောင်စီဌာနချုပ် နှင့် ဆောလျင်စွာ ညှိနှိုင်းတိုင်ပင်လျက် ပြေလည်မှုကို မရအရယူနိုင်သည်အထိ ဦးဆောင်မှုပေးနိုင်စွမ်းခြင်း ရှိရပါမည်။
      သို့မှသာလျှင် မိမိနှင့် သက်ဆိုင်ရာ ဒေသအတွက်သာ ဝကွက်၍ ဦးဆောင်ပုဂ္ဂိုလ်မဖြစ်ရပဲ အစ္စလာမ်သာသနာဝင်အားလုံးတို့၏ သာသနာ့စုစည်းမှုကို မိမိရောက်ရာ ဒေသရှိ မြို့နယ် အစ္စလာမ်ကောင်စီများကိုပါ အကျိုးပြုနိုင်သည့် ရပ်တည်ချက်အဖြစ် အများက မြင်တွေ့လာနိုင်မည်ဖြစ်ပါသည်။ ဤအဆင့်သို့ရောက်ရှိနိုင်မှသာလျှင် အစ္စလာမ်ကောင်စီသည် တိုင်းရင်းသား၊ နိုင်ငံသား ၊ နိုင်ငံသားပြုခံရသူ အစ္စလာမ် သာသနာဝင်အားလုံးတို့၏ သာသနာရေးဆိုင်ရာ ကိုယ်စားပြုအဖွဲ့အစည်းဖြစ်ကြောင်း ယုံကြည်စိတ်ချမှုများရှိလာကြမည်ဖြစ်ပါသည်။ ဤအချက်ကို အလေးအနက်ခံယူကျင့်သုံးကြရပါမည်။




(ဂ) ဒေသနာဖြန့်လုပ်ငန်းအရေးကြီးလိုအပ်ချက်

     အစ္စလာမ်သာသနာရေးရာကောင်စီ၏ အဓိကလုပ်ငန်းမှာ သာသနာဖြန့်ဖြူးပေးရေး၊ သာသနာ့ကျင့်သုံးမှု ပြန့်ပွားလာရေး၊ စာရိတ္တကောင်းများထွန်းကားအောင် ပြုစုပျိုးထောင်ပေးရေးတို့ ဖြစ်ပါသည်။
      ဤလုပ်ငန်းအတွက် ဗဟိုအမှုဆောင်တိုင်းသည် မိမိနှင့် သက်ဆိုင်ရာ ဒေသအလိုက်၊ အာလင်မ်ကော်မတီ၊ အမျိုးသမီးကော်မတီ၊ အန်ဆွာရီ ကော်မတီ မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အမြဲတစေ ထိတွေ့ညှိနှိုင်းတိုင်ပင်လျက် လိုအပ်သည့် သာသနာ့ ပညာပေးရေး နှင့် သာသနာ့ ကျင့်သုံးမှုများကို အခြေအနေနှင့် လိုက်လျောညီထွေ ကြီးကြပ်ကွပ်ကဲပေးရပါမည်။
      သာသနာဖြန့်လုပ်ငန်းကို အခြေခံတိုင်း၌ တစ်ပတ်လျှင် တစ်ကြိမ် မှန်မှန်ပြုလုပ်ပေးသွားမှသာလျှင် ကျွဲကူးရေပါဆိုသကဲ့သို့ သာသနာ့စုစည်းမှုနှင့် ဌာနချုပ်၏ မူဝါဒ၊ သာသနာ့လုပ်ငန်းများတိုးတက်ရှင်သန်လာမည်ဖြစ်ပါသည်။ ဤလုပ်ငန်းကို ဗဟိုအမှုဆောင်များ အထူးသတိမူလျက်ရှိရပါမည်။
     အစ္စလာမ်ကောင်စီ၏ အရပ်ရပ်ကော်မတီများအားလုံး၏ သာသနာမှုများကို ဗဟိုအမှုဆောင် တာဝန်ယူထားသည့် လူကြီးမင်းတို့ကသာ စီမံခန့်ခွဲကွပ်ကဲပေးရသည့် တာဝန်ခ့ပုဂ္ဂိုလ်ဖြစ်သည်ကို လူကြီးမင်းများ အထူးသဘောပေါက်စေလိုပါသည်။
      ဗဟိုအမှုဆောင်များ ရပ်တည်ရာ ပြည်နယ်နှင့် တိုင်း၊ မြို့နယ်အစ္စလာမ်ကောင်စီခွဲများတွင် ဗဟိုအမှုဆောင်၏ ဥိးဆောင်မှု၊ စီမံခန့်ခွဲမှု၊ ရှေ့ဆောင်ပြုလုပ်ပေးမှု ၏ အရှိန်အဝါသည် အစ္စလာမ်ကောင်စီဌာနချုပ်၏ ဒေသနာဖြန့်မှုနှင့် သာသနာ့စုစည်းမှု၏ စံချိန်ဖြစ်ရပါမည်။ လက်ရှိ ဗဟိုအမှုဆောင်တာဝန်ယူရသူများအနေနှင့် ဤဒေသနာဖြန့်ချိရေးနှင့် သာသနာ့စုစည်းမှုလုပ်ငန်းများကို မိမိတို့နှင့်သက်ဆိုင်ရာ ဒေသ၊ ပြည်နယ်နှင့်တိုင်းတို့တွင် ဌာနချုပ်မှ တာဝန်ခွဲဝေပေးပြီးသားအဖြစ်နှင့် ရပ်တည်ကြရပါမည်။
     ယင်းသို့ဆောင်ရွက်ပေးသွားကြမှသာလျှင် တိုင်းရင်းသား၊ နိုင်ငံသား ၊ နိုင်ငံသားပြုခံရသူ အစ္စလာမ်သာသာနာဝင်များသည် အစ္စလာမ်ကောင်စီ၏ မူဝါဒ လုပ်ထုံးလုပ်နည်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်လာကြပြီး အစ္စလာမ်ကောင်စီ၏ ရပ်တည်ချက်ကို မိုမိုသိရှိနားလည်လာကြမည်ဖြစ်ပါသည်။
     ထိုသို့ ပိုမိုနားလည်အောင်လည်း ဗဟိုအမှုဆောင်များအနေနှင့် နီးစပ်ရာ ဗဟိုအမှုဆောင်များနှင့် လက်တွဲပြီး ဆောင်ရွက်သွားကြရန်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်နိုင်ကြသည်နှင့်အမျှ သာသနာ့ကျင့်သုံးမှုများ ပိုမိုတိုးတက်ပြန့်ပွားလာမည်ဖြစ်ပါသည်။ ဤသည်မှာ အစ္စလာမ်ကောင်စီ၏ ရည်မှန်းချက်လည်း ဖြစ်၍ ကျွန်တော်တို့နိုင်ငံတော်အတွင်း အစ္စလာမ် သာသနာ့ ကျင့်သုံးမှုများ တပြေးညီစွာ ရှိမှ အလ္လာဟ်အရှင်မြတ်၏ အစောင်အမများနှင့် အကူအညီတော်များကို ကျွန်တော်တို့ ခံယူရရှိနိုင်ကြမည်ဖြစ်ပါသည်။
      ဗဟိုအမှုဆောင်ပုဂ္ဂိုလ်သည် ဤ ဒေသနာဖြန့်ခရီးကို မိမိတာဝန်ယူရသော တိုင်းနှင့် ပြည်နယ်အတွင်း အနည်းဆုံး (၃)လ တစ်ကြိမ် သွားရောက်ပြီး အစ္စလာမ်ကောင်စီခွဲ အဆင့်ဆင့်၏ အခြေအနေများကို လေ့လာကြည့်ရှုခြင်း၊ အခက်အခဲများရှိက ဖြေရှင်းပေးခြင်း၊ လိုအပ်သော စီမံခန့်ခွဲမှုနှင့် အကြံဥာဏ်ကောင်းများ ပေးခြင်း၊ ဌာနချုပ်မှ ပြဋ္ဌာန်းထားသည့် သာသနာ့လုပ်ငန်းများ ပြီးစီးအောင် ဆောင်ရွက်ရေးတို့အတွက် တိုက်တွန်းနှိုးဆော်ပေးခြင်းပြုလုပ်၍ မိမိနှင့် အဖွဲ့က ဒေသနာဖြန့်ချိန်ပေးခြင်းများပြုလုပ်ပေးသင့်ပါသည်။
      အရှင်မြတ်၏ အလိုတော်ကြောင့် ယခုအချိန်တွင် အချို့သော ဗဟိုအမှုဆောင်များ၏ ဦးဆောင်မှု ၊  သာသနာဖြန့်ခရီးထွက်၍ ဆောင်ရွက်မှုများ မြင်တွေ့လာရပြီ ဖြစ်ရာ အနာဂတ် အစ္စလာမ်သာသနာရေးရာကောင်စီ၏ ခရီးလမ်းကြောင်း သာယာမည်၊ ချောမောပြေပြစ်မည် ၊ အခြေအနေကောင်းများနှင့် ပွင့်လင်းသာယာမည်ဟု ယုံကြည်မှုရှိကြောင်းလည်း ဝမ်းမြောက်စွာ ဖော်ပြလိုပါသည်။

(ဃ) ဘာသာပေါင်းစုံ ချစ်ကြည်ရေး

      ဤလုပ်ငန်းမှာ အစ္စလာမ်ကောင်စီ၏ ရည်ရွယ်ချက်များတွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းပင် ဖြစ်ပါသည်။ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်လင့်ကစား အချို့သော ဗဟိုအမှုဆောင်များက သတိမမူမိပဲရှိနေပါသည်။
      ကျွန်တော်တို့သည် တိုင်းရင်းသားစစ်စစ် အစ္စလာမ်သာသနာဝင်များ ဖြစ်ကြပါသည်။ နိုင်ငံသားပြု ခံရသူများ မဟုတ်ကြပါ။ ကျွန်တော်တို့၏ သမိုင်းကြောင်းကို ဤနေရာတွင် အကျယ်တဝင့်ပြောပြရန် လိုမည်မထင်ပါ။ ဗမာမင်းများအဆက်ဆက် လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) တစ်ထောင်ကျော်ကပင် ဤနိုင်ငံတွင် အခြေချပြီး အခြားတိုင်းရင်းသားများနှင့် ဒွေးရောယှက်တင် တစ်လှေထဲစီး ၊ တစ်ခရီးထဲသွား ဆိုသကဲ့သို့ ဖွဲ့စည်းနေထိုင်လာခဲ့ကြသူများဖြစ်ကြပါသည်။
      အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ဦးထိပ်ပန်ဆင်ပြီး၊ နဗီတမန်တော်မြတ်၏ အွမ္မသ် အသင်းတော်ဝင်များပီပီ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးတွင် နိုင်ငံ့ သစ္စာ ၊ ဘုရင့် သစ္စာများကို စောင့်သိလျက် ကျလာသည့် တာဝန်အရပ်ရပ်ကိုလည်း တာဝန်သိသိထမ်းရွက်ခဲ့ကြပါသည်။ သမိုင်းတွင် အထင်အရှားဖြစ်ပါသည်။ ဤသမိုင်းကို ဖျက်မရနိုင်ပါ။
      နိုင်ငံ၏ အကျိုးကို ကျွန်တော်တို့ သယ်ပိုးဆောင်ရွက်ခဲ့သည့် သမိုင်းအထောက်အထားများ အထင်အရှားရှိနေပါသည်။ နယ်ချဲ့ခေတ်ရောက်သည့်အခါမှသာ ကုလား ဗုံတီး၊ ကုလားက ကပြတဲ့ အချို့နိုင်ငံရပ်ခြားသားများ ဝင်ရောက်လာသည့်အချိန်ကစပြီး သွေးရင်းသားရင်းများဖြစ်သည့် တိုင်းရင်းသား အစ္စလာမ် သာသနာဝင်များမှာ အထင်အမြင်လွဲခံခဲ့ကြရပြီး ၊ အစ္စလာမ် သာသနာဝင်များနှင့် အခြား ဘာသာဝင်များအကြား ယခင်ကကဲ့သို့ ထောက်ထားမှု ၊စာနာမှု ၊ရင်းနှီးမှု ချစ်ကြည်မှုများမှာ ဖောက်ပြန်လာခဲ့ရပါသည်။
      နယ်ချဲ့ခေတ် တစ်ခေတ်လုံးတွင် အုတ်ရောရော၊ ကျောက်ရောရော ဖြစ်ကုန်ကြရပြီး တိုင်းရင်းသား အစ္စလာမ် သာသနာဝင်စစ်စစ်များမှာ နေရာမရ၊ အခြေအနေမလှဖြစ်ခါ စာရိတ္တအမျိုးမျိုးပျက်ပြားပြီး  အမျိုးမျိုး ပုံမှားအရိုက်ခံခဲ့ကြရပါသည်။ နိုင်ငံ့ သစ္စာနှင့် မိမိအမျိုးသား သစ္စာကို စောင့်သိရမှန်း မသိအောင် ပြုလုပ်ခံခဲ့ကြရပါသည်။
      ဤဒဏ်ရာဒဏ်ချက်များကို ကျွန်တော်များတိုင်းရင်းသား စစ်စစ် အစ္စလာမ်သာသနာဝင်များက မည်သည့်အခါတွင်မျှ မေ့ပျောက်နိုင်မည်မဟုတ်ပါ။ ဗမာမွတ်စ်လင်မ်ဟူသော အမည်နာမ ကင်ပွန်းတပ်ခံရချိန်တွင်မူ အတန်ငယ် အသက်ရှူချောင်ခဲ့ကြရပါသည်။ သို့ရာတွင် ယနေ့အခြေအနေတွင် စာရင်းပျောက်ဖြစ်ခဲ့ရပြန်ပါသည်။ ဝမ်းနည်းကြေကွဲစရာဖြစ်ပါသည်။
      ဤအချက်ကို ဗဟိုအမှုဆောင်တိုင်းက မိမိ နှလုံးသားများမှာ သံမှိုနှက်သကဲ့သို့ စွဲထားနိုင်မှသာလျှင် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အန္တရာယ်အမျိုးမျိုးကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပါသည်။ မုချ ဖြေရှင်းပေးကြရဦးမည်။
      အတိတ်ခေတ် အစ္စလာမ်သာသနာဝင် တိုင်းရင်းသားစစ်စစ်တို့၏ သမိုင်း အနေအထားကို မျက်မှောက်ပြုထားနိုင်ကြမှသာ ယခုကဲ့သို့သော အခြေအနေအရပ်ရပ် ပြောင်းလဲနေသောအခါမျိုးတွင် အဖတ်ဆယ်နိုင်မည်ဖြစ်ပါသည်။ သို့မဟုတ်လျှင် လက်ရှိအဆင့်မှာ မတွေးတောဝံ့သည့် အခြေ အနေဆိုးသို့ ကျဆင်းသွားမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပါသည်။
      ကျွန်တော်တို့အနေနှင့် ပစ္စုပ္ပန် ရေစီးကြောင်းတွင် မျောပါနေကြရပါပြီ။ အတိတ်ခေတ် သမိုင်းကို မြင်နိုင်စွမ်းမရှိသော လက်ရှိ တိုင်းရင်းသား အစ္စလာမ်သာသနာဝင်များသည် နိုင်ငံခြားယဉ်ကျေးမှုကို အထင်ကြီးနေကြဆဲ ဖြစ်ပါသည်။
      တိုင်းရင်းသား အစ္စလာမ်သာသနာဝင်တို့၏ ပညာရေး ဆွေးနွေးခန်းများနှင့် နိုးကြားရေးခေတ်၊ ဗမက ခေတ် အနီးကပ်ဆုံးခေတ်များတွင် တိုင်းရင်းသားစစ်စစ် အစ္စလာမ်သာသနာဝင်များ အဘယ်မျှ အနစ်နာခံခဲ့ကြပြီး လွတ်လပ်ရေးသမိုင်းတွင် တစ်ဘက်တစ်လမ်းမှ မည်သို့မည်ပုံ ပါဝင်ဆင်နွဲခဲ့ကြသည် စသည့်အခြေအနေများမှာ မေ့ပျောက်မထားနိုင်သည့် အချက် အလက်များ ဖြစ်ပါသည်။ တိုင်းရင်းသားစစ်စစ် အစ္စလာမ်သာသနာဝင်များကို နေရာမရအောင် ပြုလုပ်ခဲ့ကြသည့် ရောင်စုံနိုင်ငံခြားသား အစ္စလာမ်သာသနာဝင်များ၏ လုပ်ရပ်အား မေ့ပျောက်ပစ်ခဲ့ကြပြီးသော တိုင်းရင်းသားစစ်စစ် အစ္စလာမ်သာသနာဝင်များ၏ ရပ်တည်ချက်မှာ အံ့သြဖွယ်ကောင်းလှပါသည်။ အနီးကပ်ဆုံး နိုးကြားရေးခေတ်နှင့် ဗမက ခေတ်တစ်လျှောက် ဤဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ကျားကုတ်ကျားယက်ကြိုးပမ်းခဲ့ကြသော်လည်း မပြီးပြတ်သေး၍ အစ္စလာမ်သာသနာရေးရာ ကောင်စီက သာသနာရေးကို ပခုံးပြောင်းပြီး တာဝန်ယူထမ်းရွက်ခဲ့ရပါသည်။ဤသည်မှာ အစ္စလာမ်သာသနာရေးရာကောင်စီ၏ ရည်ရွယ်ချက်များတွင် အဓိကပြဋ္ဌာန်းချက်တစ်ရပ်အဖြစ် ဤ ဘာသာပေါင်းစုံချစ်ကြည်ရေးကဏ္ဍကို ပြဋ္ဌာန်းထားခဲ့ပါသည်။
     ဤပြဋ္ဌာန်းချက် အကောင်အထည် မဖော်နိုင်သေးမီ၊ မဖြေရှင်းနိုင်သေးမီ ကြီးစွာသော အန္တရာယ်ဆိုးနှင့် ကြုံတွေ့နေရပေပြီ။ တိုင်းရင်းသား စစ်စစ် အစ္စလာမ်သာသနာဝင်တို့အဖို့ စဉ်းစားစရာ ဘာမျှမရှိ၊ ပြေးစရာမြေမရှိ၊ နေစရာ အိမ်မရှိ၊ ဘုံပျောက်သည့်ဇာတ်ခင်းနေရသကဲ့သို့ပင်ဖြစ်ပါသည်။ ဤအချက်မှာ ဤနိုင်ငံ၏ အစ္စလာမ်သမိုင်းကို ယနေ့တိုင် မရေးနိုင်သကဲ့သို့ တောက်တဲ့ဘဝအဖြစ်နှင့် တွယ်ကပ်နေရမည့် ဘဝမျိုးရောက်ရန် ရှိနေပါသည်။
      ဤဘာသာပေါင်းစုံချစ်ကြည်ရေးပြဋ္ဌာန်းချက်သည် လွန်စွာအရေးထားရမည့်ပြဋ္ဌာန်းချက်ဖြစ်ပါသည်။ လက်ရှိ ပစ္စုပ္ပန်ကာလတွင် ကျွန်တော်တို့အစ္စလာမ်သာသနာရေးရာကောင်စီသည် တိုင်းရင်းသားစစ်စစ် အစ္စလာမ်သာသနာဝင်တို့၏ ကံကြမ္မာကို အနာဂါတ်ကာလအတွက် ဖန်တီးပေးရမည်ဖြစ်ပါသည်။
     ဘာသာပေါင်းစုံ ချစ်ကြည်ရေးပြဿ     နာသည် တိုင်းရင်းသားစစ်စစ် အစ္စလာမ်သာသနာဝင်တို့၏ သေရေးရှင်ရေးပြဿ     နာပင် ဖြစ်သည်ကို ကျွန်တော်တို့အစ္စလာမ်ကောင်စီ ဗဟိုအမှုဆောင်များ ကောင်းစွာသဘောပေါက်ရန်နှင့် သာသနာရေးရာ ဆောင်ရွက်ကြရာတွင် ပိုမိုအရေးထားသင့်သည်ဟု အလေးအနက်ခံယူစေချင်ပါသည်။
     ယနေ့အဖို့ ပုံမှားရိုက်နေသည့် ရောင်စုံအစ္စလာမ်သာသနာဝင် အစုငယ်များမှာ အယူသည်းအမြင်ကျဉ်းဝါဒကို အခိုင်အမာဆုပ်ကိုင်ထားပြီး ဘာသာပေါင်းစုံချစ်ကြည်ရေးကို ဆန့်ကျင်ဘက်ပြုလုပ်နေကြသည်ကိုတွေ့မြင်နေရပါသည်။
      တနည်းအားဖြင့်ပြောရပါလျှင် တိုင်းရင်းသားစစ်စစ် အစ္စလာမ်သာသနာဝင်များအား အကြီးအကျယ် ထိုးနှက်ပြီး ဘဝဇာတ်သိမ်းအောင် ပြုလုပ်နေကြခြင်းပင်ဖြစ်ပါသည်။ နယ်ချဲ့ခေတ်ကထက် ယခုအခါ ပို၍ ခြေလှမ်းကြဲလာပါသည်။ ယတ်မာပက်စက်သည့် စီမံကိန်းတစ်ရပ်ချမှတ်၍ ပြုလုပ်နေကြပါသည်။
      ကျွန်တော်တို့တိုင်းရင်းသား စစ်စစ် အစ္စလာမ်သာသနာဝင်များ၏ ပခုံးပြောင်းယူထားရသည့် ဤသာသနာ့အဖွဲ့အစည်းကို ပျောက်ကွယ်သွားအောင် မရပ်မနား အနားမနေ ကျားကုတ်ကျားယက်ကြိုးပမ်းနေကြပါသည်။ ကျွန်တော်တို့သည် တိုင်းရင်းသား နိုင်ငံသား နိုင်ငံသားပြုခံရသူ အစ္စလာမ်သာသနာဝင်ထုတစ်ရပ်လုံးကိုယ်စား သာသနာ့အဖွဲ့အစည်းအဖြစ် အဘယ်မျှပင် စေတနာထားခရီးနှင်နေလင့်ကစား ရေစီးချောင်းတွင် မျောပါလာသည့်  ကင်းမလက်မည်းဆည်ယူရသကဲ့သို့ ယင်းတို့၏ မူလဗီဇကို စွန့်လွှတ်ကြမည်မဟုတ်ပါ။
      သို့ပါ၍ ကျွန်တော်တို့သည် လွန်စွာ သတိထားပြီး ကိုင်တွယ်ဖြေရှင်းပေးရမည့်တာဝန်များကို ပေါ့ပေါ့တန်တန် မယူဆကြစေလိုပဲ အပူတပြင်း အရေးယူဆောင်ရွက်ကြရမည့် အရေးအခင်းဟု သဘောပိုက်ကြရပါမည်။ ဤအရေးကို လစ်လျူ ရှု့ထားပါက ကျွန်တော်တို့၏ သမိုင်းအစပျောက်ဖြစ်ရပြီး ဘုံပျောက်သည့်ဘဝသို့ မလွဲမသွေရောက်ကြရတော့မည်ဖြစ်ပါသည်။
      ဗုံပြတ်လျှင်ပြုပြင်၍ရပါသည်။ ဘုံပျောက်လျှင် ကိစ္စတုံးသွားပြီဖြစ်၍ အမျိုးပျောက်ရခြိမ့်မည်။ ဤအချက်သည် အားလုံးသော အရေးတို့ထက် ဦးစားပေးဆောင်ရွက်သွားကြရမည့် အရေးအခင်းဖြစ်ကြောင်း တင်ပြရပါသည်။
      ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်နိုင်ကြဖို့ ကြိုးစားသင့်ပါသည်။ အတွင်းရန်များကိုလည်း ဖယ်ရှားရှင်းလင်းပစ်ဖို့ တစ်ညီတစ်ညွတ်တည်း စည်းကမ်းတကျလှုပ်ရှားဆောင်ရွက်သင့်ပါပြီ။
      ဤဘာသာပေါင်းစုံချစ်ကြည်ရေး၊ အပြန်အလှန် လေးစားအရေးထားရေး၊ တစ်ဘာသာနှင့် တစ်ဘာသာ စာနာထောက်ထားရေးကို ဌာနေချုပ် ဥက္ကဋ္ဌကြီးများ ရံဖန်ရံခါ အခါအခွင့်ကြုံကြိုက်တိုင်း ဆောင်ရွက်နေသည်ကို တွေ့ရ ၊ မြင်ရ ၊ ကြားသိရသဖြင့်လည်း လမ်းစကလေးများပွင့်နေပါသည်ဟု သုံးသပ်မိပါသည်။ ဗဟိုအမှုဆောင်တိုင်းက ဤလုပ်ငန်းကို ဦးဆောင်ဦးရွက် ပြုလုပ်ပေးသွားနိုင်ကြပါလျှင်  ရင်လောက်တင်မှ ခါးလောက်ကျ ဆိုသကဲ့သို့ ဖြစ်ပါလိမ့်မည်။ သတိကြီးစွာထားက ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းနှိုးဆော်ရင်း ဤအစီရင်ခံစာကို နိဂုံးချုပ်အပ်ပါသည်။


ဦးဃနီ
အတွင်းရေးမှူးချုပ်
အစ္စလာမ်သာသနာရေးရာကောင်စီ
(ဌာနချုပ်)
ရန်ကုန်မြို့။
၁၉၈၈ ခု၊ ဇန်နဝါရီလ ၂၄ ရက်။



No comments:

Post a Comment