Friday, January 2, 2015


ပြည်ထောင်စုသမ္မတနိုင်ငံတော်
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
အမှတ်(၁၈၃)၊ဗိုလ်ဆွန်ပက်လမ်း(အလယ်)၊ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့။
ဖုန်း- ၀၁-၂၅၂၆၀၈၊ ၃၈၉၇၈၆
အစ္စလာမ့်ဒေသနာ နှိုးဆော်လွှာ(၉/၂၀၁၄)
၁၄၈၉ ကြိမ်မြောက် တမန်တော်နေ့

ဟိဂ်ျဂျရီ(၁၄၃၆)ခုနှစ်၊ ရဗီအုလ်အောင်ဝလ်လ(၁)ရက်     ခရစ်သက္ကရာဇ်(၂၀၁၄)ခုနှစ်၊ဒီဇင်ဘာလ(၂၄)ရက်

၁။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်(တနင်္ဂနွေနေ့)သည် ဟိဂ်ျရီ ၁၄၃၆ ခုနှစ် ၊ ရဗီအုလ်အောင်ဝလ်လ(၁၂)ရက် ၁၄၈၉ ကြိမ်မြောက် (ယောင်မွန်နဗီ) တမန်တော်နေ့ဖြစ်သည်။

၂။ အလ္လာအရှင်မြတ်သည် မုဟမ္မဒ်(ဆွ)သခင်အား တမန်တော်အဖြစ် စေလွှတ်တော်မူခြင်း၏ အဓိကရည်ရွယ်ချက်အား ကုရ်အာန် ကျမ်းတော်မြတ်တွင် အောက်ပါအတိုင်း ဖော်ညွှန်းထားပါသည်။

   (وما ارسلنك الا رحمة للعلمين (١٠٧ -٢١  
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်တမန်တော်မြတ်အား လောကခပ်သိမ်းအတွက် ကရုဏာတော်ရှင် အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။
ကုရ်အာန် (၂၁း၁၀၇)

၃။ တမန်တော်မြတ်သည် လောကခပ်သိမ်းအတွက် ကရုဏာတရား၏ အကျိုးအာနိသင်များကို လက်တွေ့ ခံစားစံစားနိုင်ကြစေရန် သောင်ဟီးဒ် သစ္စာတရားအား ရှင်းလင်းတင်ပြခြင်း၊ မကောင်းမှု ဓလေ့ဆိုးများအား ပယ်ဖျက်ခဲ့ခြင်း၊ ကောင်းမွန်မြင့်မြတ်သည့် အကျင့်သီလ စာရိတ္တများအား ညွှန်ကြားပြသခြင်း၊ တရားမျှတမှုကို တည်တံ့ခိုင်မြဲစေခြင်း၊ ခွဲခြားဆက်ဆံမှုများကို ချုပ်ငြိမ်းစေခြင်း စသည်ဖြင့် လောကခပ်သိမ်းအတွက် ထာဝရတည်ငြိမ် အေးချမ်းစေသော တရားများကို လက်တွေ့ ကျင့်သုံးဆောက်တည်ခဲ့ပေသည်။

لقد كا ن لكم في رسول الله اسوة حسنة
(٢١-٣٣)
ဧကန်မလွဲ အသင်တို့အဖို့ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၌ မွန်မြတ်လှစွာသော စံနမူနာသည် ရှိပေသည်။
ကုရ်အာန်(၃၃း၂၁)

၎။ တမန်တော်မြတ်၏ ဘဝဖြစ်စဉ်သမိုင်း စီရသ် နှင့် ဓလေ့ထုံးစံ စွန္နသ် တော် များအား သုံးသပ်ဆန်းစစ်ကြည့်လျှင် တမန်တော်မြတ်၏ ယု့ကြည်ချက် မှန်ကန်ခိုင်မာမှု၊ စိတ်စေတနာဖြူစင်မှု၊ အများအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ တရားမျှတမှုအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်မှု၊ အမှန်တရားပေါ်တွင် မိမိကိုယ်တိုင် ရပ်တည်၍ အခြားသူများအား အမှန်တရားဘက်သို့ ဖိတ်ခေါ်မှု ၊ ဘာသာတူ ဘာသာကွဲ လူသားအားလုံးအပေါ် နူးညံ့သိမ်မွေ့စွာ ဆက်ဆံမှု၊ သစ္စာရှိမှု၊ ကတိတည်မှု၊ သူဆင်းရဲများ ၊ မိဘမဲ့များ ၊ အတိဒုက္ခရောက်နေသူများအား ကိုယ်ချင်းစာနာစိတ်ဖြင့် ပြုစုပျိုးထောင် အားပေးကူညီမှု၊ မိမိပတ်ဝန်းကျင် အိမ်နီးချင်း လူမျိုးဘာသာမရွေးတို့အပေါ် အလေးထား ဆက်ဆံမှု၊ လက်အောက်ငယ်သားများအား သနားကြင်နာညှာတာမှုတို့အား စံနမူနာပြု၍ တမန်တော်မြတ်၏ လမ်းစဉ်ကို ဦးလည်မသုန် လိုက်နာကြမှသာလျှင် လောကီ လောကုတ္တရာ နှစ်ဘဝ နှစ်ဌာနစလုံး အောင်မြင်ကြပေမည်။ ထို့အတွက် တမန်တော်မြတ်မွေးနေ့ကို အကြောင်းပြု၍ တမန်တော်မြတ်၏ ဘဝဖြစ်စဉ်သမိုင်းများကို အများသူငါ သိရှိနိုင်ရန်အတွက် တမန်တော်နေ့ အခမ်းအနားများကို မလွဲမသွေ ဆင်ယင်ကျင်းပကြရမည်ဖြစ်ပါသည်။

၅။ ယခုနှစ်တွင် ကျရောက်သည့် (၁၄၈၉ ကြိမ်မြောက် တမန်တော်နေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးတို့၌ တမန်တော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားများကို ကျင်းပကြမည်ဖြစ်ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင်လည်း တိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်များသည် ရှေးမြန်မာမင်းများလက်ထက်မှစ၍ နှစ်စဉ် အစဉ်အလာမပျက် ဆင်ယင်ကျင်းပခဲ့ကြသကဲ့သို့ မိမိတို့မြို့ရွာဒေသတို့၌ သင့်မြတ်လျော်ကန်သည့် နေ့ရက်များတွင် တမန်တော်မြတ်မွေးနေ့ အထိမ်းအမှတ် (မောင်လွဒ်)တရားပွဲများ၊ စီတန်းလှည့်လည်ပွဲများ၊ ဂုဏ်ပြုအခမ်းအနားများ၊ သာသနာ့စာပေ မှတ်ကျောက်တင်ပြိုင်ပွဲများကို ခန့်ခန့်ညားညား စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပကြပါရန် နှိုးဆော်အပ်ပါသည်။

ဖြန့်ဝေခြင်း-
-              အစ္စလာမ်ကောင်စီခွဲအားလုံး
-              အစ္စလာမ့်ဗလီဝတ်ကျောင်းတော်အားလုံး

မိတ္တူကို -
-             ညွှန်ကြားရေးမှူးချုပ်၊ သာသနာရေးဦးစီးဌာန၊ နေပြည်တော်
-            ရုံးလက်ခံ၊ မျှောစာတွဲ


အစ္စလာမ့်ရေးရာ-ဒို့ဝန်တာ

(အလ်ဟာဂ်ျ မောင်လာနာ ရှိုက်ခ် အိုမရ်မြင့်နိုင်၊ မဒနီ-ရင်းတော်၊ အလ်အဇ်ဟရ်-ကိုင်ရို)
အာလင်မ်ပညာရှင်များရေးရာ ဌာနမှူးနှင့် အစ္စလာမ့် ဓမ္မသတ်မှူး



No comments:

Post a Comment