Sunday, January 4, 2015

بسم الله الرحمن الرحيم 

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ဥက္ကဋ္ဌ ၏
၁၄၈၉ ကြိမ်မြောက် တမန်တော်နေ့ အထိမ်းအမှတ် သဝဏ်လွှာ

မပြတ်မစဲ သနားကြင်နာတော်မူသော အနန္တကရုဏာတော်ရှင်ဖြစ်တော်မူသော
အလ္လာအရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။

      ချီးမွမ်းခြင်းအပေါင်းသည် စကြဝဠာလောကခပ်သိမ်းအား အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အလ္လာဟ်အရှင်မြတ်အတွက်သာလျှင် ဖြစ်တော်မူပါ၏။ ထို့နောက် တမန်တော်မြတ်အပေါ်သို့ ဆွလဝါသ်စလာမ် မေတ္တာအဖန်ဖန် ပို့ဆက်ပါ၏။
လေးစားအပ်ပါသော အစ္စလာမ်သာသနာဝင် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျာ-

အတ်စလာမို့အလိုင်းကွန်းမ် ဝရဟ်မတွလ္လာဟေ့ဝဗရကာတို့ဟ်ူး

   (وَمَا أَرْسَلْنَاكَ إِلَّا رَحْمَةً لِّلْعَالَمِينَ (١٠٧ -٢١

 စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်တမန်တော်မြတ်အား လောကခပ်သိမ်းအတွက် ကရုဏာတော်ရှင် အဖြစ်နှင့်သာလျှင် စေလွှတ်တော်မူခဲ့ပေသည်။
ကုရ်အာန် (၂၁း၁၀၇)
      ဟီဂ်ျရီသက္ကရာဇ် ၁၄၃၆ ခု၊ ရဗီအုလ်အောင်ဝလ်လ ၁၂ ရက်နေ့သည် မဟာကရုဏာတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်က လောကခပ်သိမ်းအတွက် ကရုဏာတော်အဖြစ်နှင့် စေလွှတ်တော်မူခဲ့သည့် တမန်တော်မြတ်မိုဟမ္မဒ်() ၏ ၁၄၈၉ ကြိမ်မြောက် မွေးနေ့မင်္ဂလာအခါသမယဖြစ်ပါသည်။ တမန်တော်မြတ်() ၏ မွေးနေ့အခါသမယရောက်တိုင်း ကမ္ဘာတစ်ဝန်းရှိ တမန်တော်မြတ်အား ချစ်မြတ်နိုးကြသူများသည် တမန်တော်နေ့အထမ်းအမှတ် အခမ်းအနားကြီးများကို ခန့်ခန့်ညားညား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နေကြသည့်နည်းတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းမှာ ရှိကြသည့် မွတ်စ်လင်မ်များသည်လည်း တမန်တော်နေ့ အခမ်းအနားကြီးများကို တခမ်းတနား နှစ်စဉ် ဆင်ယင်ကျင်းပလျက် ရှိကြပါသည်။
      တမန်တော်နေ့ အခမ်းအနားများ ကျင်းပကြခြင်း၏ အဓိကရည်ရွယ်ချက်မှာ တမန်တော်မြတ်၏ ဘဝဖြစ်စဉ် ထေရုပ္ပတ္တိတော်ကို ပိုမိုသိရှိကြပြီး တမန်တော်မြတ်ကို ချစ်ကြည်မြတ်နိုးစွာဖြင့် အထူးတလည် မေတ္တာပို့သ အမှတ်ရစေရန်နှင့် တမန်တော်မြတ်၏ လမ်းစဉ် တနည်းအားဖြင့် အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖဝါးခြေထပ်လိုက်နာကျင့်သုံးရန် တပ်လှန့်နှိုးဆော်ခြင်းပင် ဖြစ်ပါသည်။
      တမန်တော်မြတ်အား အခါမလပ် မေတ္တာပို့သရန် ကုရ်အာန်ကျမ်းတော်မြတ်တွင် အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။

إِنَّ اللَّهَ وَمَلَائِكَتَهُ يُصَلُّونَ عَلَى النَّبِيِّ ۚ يَا أَيُّهَا الَّذِينَ آمَنُوا صَلُّوا عَلَيْهِ وَسَلِّمُوا تَسْلِيمًا 
(٥٦-٣٣)

ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ မလာအိကဟ် ကောင်းကင်တမန်များသည်လည်းကောင်း နဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာ ပို့သကြကုန်၏။ အို-အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည်လည်း ထိုနဗီတမန်တော်မြတ်အပေါ်ဝယ် ကောင်းချီးမင်္ဂလာပို့သခြင်းကိုလည်းကောင်း၊ လွန်စွာ စလာမ် မေတ္တာပို့သခြင်းကိုလည်းကောင်း ပြုကြလေကုန်။
(ကုရ်အာန် ၃၃း၅၆)


      တမန်တော်မြတ်အား အရာခပ်သိမ်းထက်ပို၍ ချစ်ကြည်မြတ်နိုးရန် ဟဒီးဆ်သြဝါဒတော်တွင် အောက်ပါအတိုင်း မိန့်ကြားထားပါသည်။

*****

      သာဝကကြီး အဗူဟုရိုင်ရဟ်( رَظِ )က တမန်တော်မြတ်( صَ)၏ သြဝါဒတော်ကို ဤသို့ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်( صَ)က ကျွန်ုပ်၏အသက်ကို စိုးပိုင်တော်မူသော အရှင်မြတ်အား တိုင်တည်၍ ပြောကြားအံ့။ အသင်တို့အနက် တစ်ဦးတစ်ယောက်သည် ကျွန်ုပ်အား သူ၏ မိဘ ထက်လည်းကောင်း၊ သူ၏ သားသမီးများထက်လည်းကောင်း၊ လူသားထုကြီးတစ်ရပ်လုံးထက် လည်းကောင်း ပို၍ မချစ်ကြည်မမြတ်နိုးသမျှကာလပတ်လုံး ပြည့်ဝသောအီမာန်ယုံကြည်ခြင်း မမည်ပေ။ (ဆွဟီးဟ်ဗိုခါရီကျမ်း- ၁း၁၄)

      တမန်တော်မြတ်၏ လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးမှသာ အလ္လာအရှင်မြတ်၏ ချစ်ကြည်မြတ်နိုးမှုကို ရရှိမည့်အကြောင်း ကုရ်အာန်ကျမ်းတော်မြတ်တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်။

قُلْ إِن كُنتُمْ تُحِبُّونَ اللَّهَ فَاتَّبِعُونِي يُحْبِبْكُمُ اللَّهُ وَيَغْفِرْ لَكُمْ ذُنُوبَكُمْ ۗ وَاللَّهُ غَفُورٌ رَّحِيمٌ
အသင်တို့သည် အလ္လာအရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြပါလျှင် တမန်တော်မြတ်၏ အမိန့်သြဝါဒတော်အတိုင်း ဖဝါးခြေထပ် လိုက်နာကြလေကုန်။ သို့မှသာ အလ္လာအရှင်မြတ်သည် အသင်တို့အား ချစ်ကြည်မြတ်နိုးတော်မူပေမည်ဟု အသင်တမန်တော် ပြောကြားပါလေ။
ကုရ်အာန်(၃း၃၁)

      လေးစားအပ်ပါသော အစ္စလာမ်သာသနာဝင် အမျိုးသား အမျိုးသမီးအပေါင်းတို့ခင်ဗျာ-
      မိဘမဲ့အဖြစ့်နှင့် ကြီးပြင်းလာရတဲ့ တမန်တော်မြတ်ဟာ ငယ်ရွယ်စဉ်ကတည်းကပင် သစ္စာသမာဓိကြီးမားတော်မူလှတဲ့အတွက် (အလ်အမီးန်) သစ္စာရှင် ဆိုတဲ့ ဘွဲ့နာမ နှင့် အထူးပင်ကျော်ကြားခဲ့ပါသည်။
      ပစ္စက္ခအခြေအနေ၏ စိန်ခေါ်မှု အရပ်ရပ်တို့ကို ကြံ့ကြံ့ခိုင် ကျော်လွှားနိုင်စေရန်အတွက် နှစ်ဘဝသခင် ကျေးဇူးတော်ရှင် တမန်တော်မြတ် မိုဟမ္မဒ်( صَ)၏ ကိုယ်ကျင့်သိက္ခာနှင့် အစ္စလာမ်သာသနာ၏ အရှိတရား၊ အသိတရားများကို မျက်မှောက်ပြု၍ တမန်တော်မြတ်၏ စံနမူနာကောင်းများကို ဖဝါးခြေထပ်လိုက်နာကျင့်သုံးသူများသည် ခေတ်အဆက်ဆက်တွင် အောင်မြင်ခဲ့ကြသည့်နည်းတူ အနာဂတ် ကမ္ဘာ့တစ်သက်တွင်လည်း အောင်မြင်ကြမည်သာ ဖြစ်ပေသည်။
      တမန်တော်မြတ်သည် ကမ္ဘာ့ ကရုဏာတော်ရှင်ဖြစ်သည့်အားလျော်စွာ အရေးကိစ္စအဝဝတို့တွင် ကရုဏာတရားကို အမြဲရှေ့ရှုဆောင်ရွက်တော်မူခဲ့ပါသည်။ တမန်တော်မြတ်( صَ)က-
      အသင်တို့သည် ကမ္ဘာသူကမ္ဘာသားတို့အား သနားကြင်နာကြ။ ကောင်းကင်ပေါ်က အရှင်သည် အသင်တို့အား သနားကြင်နာတော်မူပေမည်။
      ငယ်သူကို မသနား၊ ကြီးသူကို မရိုသေသူသည် ငါ၏ အသင်းဝင်မဟုတ်။
     အို-လူသားအပေါင်းတို့၊ အသင်တို့သည် အချင်းချင်း မသတ်ဖြတ်ကြနှင့်။ အချင်းချင်း အတင်းမပြောကြနှင့်။ မမုန်းတီးကြနှင့်။ မနာလိုစိတ်မရှိကြနှင့်။အို-လူသားအပေါင်းတို့ အသင်တို့သည် အချင်းချင်း ညီနောင်များ ဖြစ်ကြသည်။
      အလ္လာအရှင်မြတ်အား တိုင်တည်၍ ပြောကြားအံ့။ မိမိ၏ အိမ်နီးချင်းကို ဒုက္ခပေးသူသည် မွတ်စ်လင်မ်မဟုတ်။
      သူတစ်ပါးအား မိမိ၏ နှုတ်ဖြင့်လည်းကောင်း၊ လက်ဖြင့်လည်းကောင်း၊ ဒုက္ခမပေးသူသာလျှင် မွတ်စ်လင်မ်ဖြစ်သည်- ဟု အတိအလင်း မိန့်ကြားတော်မူခဲ့ပါသည်။
      ထို့ကြောင့် ကျွန်ုပ်တို့အားလုံး တမန်တော်မြတ်ကို အရာခပ်သိမ်းထက် ပို၍ ချစ်ကြည်မြတ်နိုးတော်မူပြီး အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖဝါးခြေထပ် စွမ်းစွမ်းတစ်မံ လိုက်နာကျင့်သုံးကြပြီး၊ နှစ်ဘဝ နှစ်ဌာန၏ အောင်မြင်မှုကို ဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုလျက် ---
* တိုင်းပြည်နှင့် လူမျိုးကို ချစ်နိုင်ကြပါစေ။
* အရေးကိစ္စ အဝဝမှာ သစ္စာရှိနိုင်ကြပါစေ။
* ဘာသာ၊ သာသနာကို လေးစားနိုင်ကြပါစေ။
* အချင်းချင်း ညီနောင်များဖြစ်နိုင်ကြပါစေ။
* မေတ္တာတရား ပွားများနိုင်ကြပါစေ။
* ဘာသာပေါင်းစုံ ချစ်ကြည်ရေးမှသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်ကြပါစေ။
အစ္စလာမ်ရေးရာဒို့ဝန်တာ
(အလ်ဟာဂ်ျ ညွန့်မောင်သျှိန်)
ဥက္ကဋ္ဌ
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ဟိဂ်ျရီသက္ကရာဇ်(၁၄၃၆)ခု၊ ရဗီအုလ်အောင်ဝလ်လ(၁၂)ရက်။
ခရစ် သက္ကရာဇ်(၂၀၁၅)ခုနှစ်၊ ဇန္နဝါရီလ (၄)ရက်။


No comments:

Post a Comment