Friday, January 16, 2015

အစ္စလာမ်နှင့် လောကဓါတ်ပညာ

       တမန်တော်မြတ်(ဆွ)သခင်မိန့်တော်မူခဲ့သည်မှာ- " လောကဓါတ်ပညာနှင့် ဗဟုသုတရရှိရန် သင်တန်းတနာရီမျှတက်ခြင်းသည် အာဇာနည်တစ်ထောင်တို့၏ အသုဘကို လိုက်ပို့ခြင်းထက် ကုသိုလ်ရသည်။ ညဥ့်တစ်ထောင်ပတ်လုံး ဝတ်တက်ခြင်းထက်လည်း ကုသိုလ်ရသည် " ဟု လည်းကောင်း " ပညာရှိတို့၏ ပြောဟောချက်များကို နားထောင်၍ လောကဓါတ်ပညာ၏ သင်ခန်းစာများကို စိတ်နှလုံးတွင် ထည့်သွင်းခြင်းသည် တရားအားထုတ်ခြင်းထက်ကောင်း၏။ ကျွန်တစ်ရာကို သူကောင်းပြု၍ လွတ်လပ်ရေးပေးသည်ထက်လည်း မြတ်၏ "ဟု လည်းကောင်း၊ " လောကဓါတ်ပညာ၌ ထင်ပေါ်ကျော်ကြားခြင်းသည် ဂုဏ်အရှိဆုံးဖြစ်၏ " ဟု လည်းကောင်း၊ " ပညာကို အသက်သွင်းပေးသူသည် မည်သည့်အခါမှ အမည် မတိမ်ကောနိုင် " ဟု လည်းကောင်း၊ သြဝါဒတော်များမိန့်ထားခဲ့ရာ တမန်တော်မြတ်သည် လောကဓါတ်ပညာနှင့် ဗဟုသုတကို အတန်တန်အားပေးခဲ့ကြောင်း သိရပေသည်။
       ထိုကဲ့သို့ ကုရ်အာန်ကျမ်းမြတ်က လူတို့၏ အဆင့်အတန်းကို မြှင့်ပေးမည့်အကြောင်း ကတိပေးသဖြင့် အာရဗ် လူမျိုး တစ်မျိုးသားလုံးသည် လူတစ်ယောက်ထဲပမာ ညီညွတ်ကြ၍ ဂုဏ်မြောက်ကြပြီးလျှင် ပညာဗဟုသုတ ရှာဖွေရန် စိတ်အားထက်သန်ကြလေသည်။ ထိုအခိုက်၌ နိုင်ငံရေး သဘောအာဖြင့် အာရဗ်နိုင်ငံ၏ နယ်နမိတ်နှင့် တစပ်တည်းဖြစ်သော နိုင်ငံများကလည်း မိမိတို့၏အပေါ်၌ ရက်စက်ကြမ်းကြုတ်သောမင်းများအား စိတ်ကုန်နေကြပြီဖြစ်ရာ ကယ်တင်မည့် ဘုန်းသမ္ဘာရှင်ကို မျှော်နေခိုက်ဖြစ်၏။ ဤတွင် မွတ်ဆလင်မ်တို့၏ မျှတမှု၊ အဆင့်အတန်း မခွဲခြားမှု၊ ညီညွတ်မှု၊ ဘာသာရေးသဘောထားကြီးမှုတို့ကို သိမြင်လာ၍ မွတ်စလင်မ်များအား ကန့်ကွက်ကြခြင်း တစုံတရာမပြုဘဲ ကြည်ဖြူစွာလက်ခံလာကြသည်။
*****
       ကမ္ဘာသူ ကမ္ဘာသား အေးချမ်းသာယာရေး၊ ကမ္ဘာတွင် ကျေးဇူးတော်နှင့် မင်္ဂလာတရားများ ထွန်းကားရေးအတွက်သာ အလ္လာဟ်အရှင်သည် အစ္စလာမ်သာသနာကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်၏။ ထိုသာသနာဝင်တို့၏ လက်တွင် အစ္စလာမ်သာသနာ၏ ရည်ရွယ်ချက်နှင့် တိုက်ရိုက်ဆန့်ကျင်သော ကမ္ဘာသားတို့အား အန္တရာယ်ဖြစ်မှု ကမ္ဘာငြိမ်းချမ်းသာယာမှုကို ဖျက်ဆီးမှုတို့ကို ဖြစ်စေနိုင်သည့် အင်အားနှင့် နည်းများကို မွတ်စလင်မ်တို့၏ လက်တွင်းသို့ ထည့်ပေးခြင်းကို  အရှင်မြတ်က မလိုလား၍ မွတ်စလင်မ်တို့အား လောကဓါတ်ပညာတွင် ရပ်တန်းက ရပ်စေခဲ့ခြင်းပေလောဟု တွေးတောဖွယ်ရာကား ရှိပေသည်။
       အနုမြူအင်အားကို အဖျက်တွင်မသုံးဘဲ အပြုတွင်လည်း အသုံးပြုနိုင်သည်။ ကမ္ဘာသူ/သား တို့သည် အကျိုးပြုရေးဘက်တွင် အနုမြူအားကိုအသုံးပြုလာကြရန် အထူးလိုလားစောင့်မျှော်နေကြ၏။ ဤသို့ အကောင်းဘက်တွင် အသုံးပြုနိုင်သော အနုမြူအင်အားနှင့် ကမ္ဘာ၏ကျေးဇူးကို ထပ်မံပြုနိုင်ရန်မှာ မွတ်စလင်မ်များ၏ တာဝန်ဖြစ်သည်ကို တစ်ထစ်ချ မှတ်ယူစေလိုသည်။ ထိုသို့ ဆောင်ရွက်နိုင်ရေး ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါသည်။
       အာရဗ်တို့သည် ဂရိတို့ထံမှ လောကဓါတ်ပညာရောင် ပညာတုကို ခြေးညှော်ချွတ်၍ လူသားတို့အား အကျိုးပြုနိုင်အောင် လှုပ်ရှားစေခဲ့သည်။ အသက်သွင်းပေးခဲ့သည်။ ဂရိနှင့် ရောမပြည်တို့ ပျက်ပြီးနောက် မြေထဲပင်လယ်တဝိုက်နှင့် ဥရောပတွင် ယဉ်ကျေးမှုစိတ်သုဉ်းခဲ့သည်။ အာရဗ်တို့က ထိုယဉ်ကျေးမှုကို ပြန်လည်ပေါ်ထွန်း ခေတ်စားစေ၍ တိုးတက်စေခဲ့သည်။ အာရဗ်တို့ အာရဗီစာဖြင့် ကျမ်းပြုချက်တို့က ကျေးဇူးပြုသောအားဖြင့် ဥရောပသည် ခေတ်မှောင်မှ ကျော်လွန်ကာ အသိပညာနှင့် ယဉ်ကျေးမှုတို့ ပြန်လည်ပေါ်ထွန်းအသက်ဝင်လာနိုင်ရေးကို ခေတ်လယ်တွင် ဖြစ်ပေါ်စေခဲ့သည်။ အာရဗ်နှင့် မွတ်စလင်မ်တို့အဖို့မှာမူ ခရစ်သက္ကရာဇ် ၁၂၅၈ ခုနှစ်နောက်၌ နိုင်ငံရေးအင်အားချိနဲ့လာ၍ ယဉ်ကျေးမှုလည်း ယိမ်းယိုင်လာခဲ့သည်။ ဤသည်တို့ကား အထက်၌ ဆိုခဲ့ပြီးသည်တို့၏ အကျဉ်းချုပ်ဖြစ်၏။
       မွန်ဂိုလ်တို့ တိုက်ခိုက်ရုံမျှဖြင့် အာရဗ်တို့စတင်ခဲ့သော အစ္စလာမ့်ယဉ်ကျေးမှုမှာ ရပ်ဆိုင်း၍ခေတ်နောက်ပြန်ခဲ့ရလေသလော အသက်ဝင်သော လောကဓါတ်ပညာကို တီထွင်ခဲ့သူတို့၏ အစဉ်အလာကို အမွေခံသူများ ဖြစ်ပါလျှက်နှင့် ထိုလောကဓါတ်ပညာကို မျွှ်စလင်မ်တို့ လက်လွှတ်ရသည်မှာ ဤအကြောင်းကြောင့်သလော မဟုတ်တန်ရာပေ။
       အကြောင်းရှာသော် ဤသို့တွေ့ရပါမည်။ အေလင်မ်- ဟူသော အာရဗီဝေါဟာရကို မွတ်စလင်မ်တို့ သဘောပေါက်နားလည်လွဲမှုသည် မွတ်စလင်မ်တို့၏ လက်မှ လောကဓါတ်ပညာ ပျောက်ခဲ့ရသော အကြောင်းတစ်ခုဖြစ်သည်။ အေလင်မ် သည် အသိပညာ ဟု အဓိပ္ပါယ်ရ၏။ လောကီပညာ ၊ နောက်တမလွန်ရေးရာ ပညာဟု မခွဲခြားဘဲ နှစ်ဘဝလုံး၏ သိပ္ပံပညာ ၊ ဝိဇ္ဇာပညာ ၊ ပသိပညာဟူသရွေ့ မွတ်လင်မ်တို့ နားလည်သဘောပေါက်ခဲ့ကြစဉ်က မွတ်စလင်မ်တို့နှင့် အစ္စလာမ်သာသနာပါ ကြီးပွားထွန်းကားခဲ့သည်။ လောကဓါတ်ပညာကိုလည်း မွတ်စလင်မ်တို့ကပိုင်ခဲ့သည်။ သူတစ်ပါးအား လက်ဆင့်ဝေ၍ပင် ပေးခဲ့သည်။ အေလင်မ် ဟူသော ဝေါဟာရကို နောင်တမလွန်ရေးရာ ၊ ဘာသာရေးပညာ ဟု ကျဉ်းမြောင်းစွာ နားလည်ကျင့်သုံးလာသည်မှစ၍ မွတ်စလင်မ်တို့၏လက်မှ လောကဓါတ်ပညာ ပျောက်ကွယ်ခဲ့သည်။ ဤအချက်ကို လေးနက်စွာ သုံးသပ်သင့်ကြပေသည်။ လူတို့၏ လုပ်ဆောင်တွေးတောကြံဆချက်တို့မှ ပေါ်ပေါက်လာသော ထူးခြားချက်တို့ကို ခေတ်ဟုခေါ်ကြသည်။ ခေတ်ကို လူကသာဖန်တီးသည်။ ခေတ်က လူကိုပြောင်းသည်မဟုတ်။ သို့သော် ခေတ်သည် လျင်မြန်စွာပြောင်းနေပါသည်။ မွတ်စလင်မ်တို့သည် တိုးတက်နေသော ဥရောပနိုင်ငံသားတို့နှင့် ယှဉ်လျှင် နှစ် ၇၀၀-မျှ နောက်ကျနေကြပါသည်။ ဤမျှလောက် နောက်ကျနေသည့်တိုင်အောင် တကယ်ကြိုးစားပါက လူတစ်ဆက်(နှစ်ပေါင်း ၂၀-အတွင်း)၌ပင် မီနိုင်ဖွယ်ရာအကြောင်းရှိပါသည်။ နောင်တစ်ခေတ် လူကြီးဖြစ်ကြမယ့် ယခု ခေတ်ကျောင်းသားကျောင်းသူတို့သည် သာသနာ့ယုံကြည်မှုကို အခြေခံပြုကာ လူ့လောကအတွက် အသုံးဝင်မည့် ပညာဗဟုသုတ အဝဝကို လိုလိုချင်ချင် ကြိုးစားရှာဖွေကြရန်လိုသည်။ တက္ကသိုလ်မှ ပညာစုံ၍ လူ့ဘဝတွင်ကျင်လည်ကြရာတွင် မိမိတို့စွမ်းဆောင်နိုင်သည့် ဘာသာရပ်တွင် အကျော်အမော်အခြေသို့ရောက်အောင် ဆက်လက်ကြိုးစားရှာဖွေကြရမည်။
       အထက်တွင် ထပ်တလဲလဲဖော်ပြခဲ့သည့်အတိုင်း ယင်းသို့ ဝိဇ္ဇာ ၊ သိပ္ပံ ပညာရပ်တို့ကို ရှာဖွေကြရာ၌ ကျွန်ုပ်တို့သည် အရင်းအမြစ်ဖြစ်သော အစ္စလာမ်၏ နည်းစနစ်နှင့် အခြေခံသဘောတရားတို့အပေါ်တွင်မူတည်မှ ဖြစ်နိုင်ပေသည်။ အစ္စလာမ်သည် လက်တွေ့ကျ၏။ သိပ္ပံဆိုင်သည့် ကျိုးကြောင်းခြင်းရာနှင့် ယှဉ်သည်။ လောကဓါတ်ပညာ ထွန်းကားရေးကို အကူအထောက်ဖြစ်စေသည်။
       ယနေ့ကမ္ဘာတွင် ဖြစ်ပေါ်နေသည်မှာ ရှေးကဖြစ်သော အတွေးအခေါ်နှင့် အမြင်များကို တထစ်ချမှန်ကန်သည်ဟု လက်မခံကြတော့ဘဲ ကျိုးကြောင်းခြင်းရာနှင့်ယှဉ်ကာ ဆန်းစစ် သုတေသန ပြုမှုများကို ပြုကြပြီးမှ လက်ခံနေခြင်းဖြစ်သည်ကို အထူးကိစ္စတရပ်အနေဖြင့် ဖော်ပြလိုပါသည်။ ယခင်က ဒြပ်စင်များသည် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲ၍မရဟု ယူဆခြင်းကို ယနေ့အနုမြူ၏ ဖွဲ့စည်းပုံတည်ရှိနေပုံ အယူအဆအစ်က တော်လှန်လိုက်သည်။  ယနေ့ကား လျှပ်စစ်ဓါတ်၏ ခေတ် ဖြစ်၏။ နောက်တစ်ခေတ်မှာ ရောင်ခြည်ခေတ်ဖြစ်ရမည်။ ဖာရာဒေး(Faraday)က လျှပ်စစ်ဓါတ်ကို လိုက်လံရှာဖွေသဖြင့် တွေ့သည်မဟုတ်။ ကံအားလျော်စွာ အခြားကိစ္စတစ်ခုကို စစ်ငုရင်း ခလုတ်တိုက်မိခြင်းဖြစ်သည်။ သို့သော် ဖာရာဒေး (Faraday)ကား ကောင်းစွာ ဂရုပြု၍ အသေးအဖွဲကလေးကိုပင် လက်မလွတ်တမ်း အားရုံပြုမိသူဖြစ်၍ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ခြင်း၏ အခြေခံသဘောကို ကြံဆနိုင်ခဲ့၏။ ကျွန်ုပ်တို့လည်း ဖာရာဒေး(Faraday)ကဲ့သို့ အသိနှင့် အာရုံကို မပြားစေဘဲ စူးစိုက်မှုရှိလျှင် နောက်တစ်ခေတ် ဖာရာဒေး(Faraday) ဖြစ်နိုင်သည်မဟုတ်ပါလော။
       ဤအခိုက် ကျွန်ုပ်တို့ မွတ်စလင်မ်များအဖို့ အချက်ကောင်းကြီးတစ်ရပ် ဖြစ်ပါသည်။ ယနေ့မှစ၍ ဘာသာရေးတွင်လည်းကောင်း၊ လောကီရေးတွင်လည်းကောင်း၊ ကျွန်ုပ်တို့မွတ်စလင်မ်များသည် လောကဓါတ်ပညာဆန်ဆန် သုတေသီများဖြစ်နိုင်ကြပါစေ။ လောကဓါတ်ပညာ သုတေသီဖြစ်ခြင်းအားဖြင့် ရှေးမွတ်စလင်မ်ကြီးတို့၏ မွန်မြတ်လှသော အစဉ်အလာစံချိန်ကြီးကို မီကြ၍ ကမ္ဘာကို အကျိုးကျေးဇူးပြုသော မွတ်စလင်မ် လောကဓါတ်ဆရာကြီးများ၊ ပညာရှိကြီးများ၊ ပေါ်ပေါက်လာပါစေသတည်း။
*****
***
**
*

 


No comments:

Post a Comment