Monday, January 19, 2015

ပသီသမိုင်းအကျဉ်းချုပ်

       မြန်မာနိုင်ငံအတွင်းသို့ လူမျိုးများ ဆင်းသက်ဝင်ရောက်လာခဲ့ရာတွင် ပသီလူမျိုးဖြစ်မည့် အနွယ်များသည် နှစ်ပေါင်း တစ်ထောင်ကျော်ခန့်က ဝင်ရောက်လာကြပြီး အခြေချနေထိုင်လာခဲ့ရာ နှစ်ပရိစ္ဆေဒ ကြာမြင့်စွာကပင် သမိုင်းစဉ်တစ်လျှောက် အရှိအတူ၊ ရှိအတူ ၊ အေးအတူ၊ ပူအမျှ ၊ ကောင်းတူဆိုးဖက် ဥမကွဲသိုက်မပျက် လက်တွဲပူးပေါင်းလျက် နေထိုင်လာခဲ့ကြသည်။
၁။ မြန်မာဘုရင်များခေတ်က တိုင်းပြည်နှင့် ဘုရင်များအပေါ် သစ္စာရှိရှိ၊ သတ္တိရှိရှိ ထူးချွန်စွာ အမှုတော်ထမ်းဆောင်ခဲ့ကြသည်။ ထို့ကြောင့် ဂုဏ်ထူးဘွဲ့ထူးများ၊ အဆောင်အယောင်များ ချီးမြှင့်ခံခဲ့ကြရသည်။

၂။ နယ်ချဲ့အင်္ဂလိပ်၏ ကျွန်ဘဝထမ်းပိုးအောက်မှ လွတ်မြောက်ရေးတိုက်ပွဲ တစ်လျှောက်လုံးတွင် တိုင်းပြည်ချစ်စိတ်ဓါတ်၊ အမျိုးသားစိတ်ဓါတ်နှင့် ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံ ရုန်းကန်လှုပ်ရှားကာ တိုင်းရင်းသားလူထုကြီးနှင့်အတူ လက်တွဲ၍နယ်ချဲ့ကိုလိုနီကျွန်ဘဝမှ အမျိုးသားလွတ်မြောက်ရေးအတွက် မိမိတို့ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာ တတ်ကြွစည်းလုံးစွာဖြင့် ဆန့်ကျင်ရုန်းကန်လှုပ်ရှား တိုက်ခိုက်ခဲ့ကြလေသည်။

၃။ ဖက်ဆစ်ဂျပန်စစ်ဖိနပ်အောက်မှ လွတ်မြောက်ရေးတိုက်ပွဲများ၌ ဗမာ့တပ်မတော်ထဲတွင် အသက်ပေး၍လည်းကောင်း၊ အရပ်သားများထဲတွင် လည်းကောင်း မိမိတို့၏အခန်းမှ တာဝန်ကျေပွန်စွာ ဖက်ဆစ်ဂျပန်တို့ကို ဆန့်ကျင်တော်လှန်ခဲ့ကြသည်။

၎။ လွတ်လပ်ရေးအတွက် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော (ဖ.ဆ.ပ.လ)အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစုအဖွဲ့ကြီးတွင် ကရင်အမျိုးသားအဖွဲ့ပါဝင်ခဲ့ကြသလို ပသီ(ဝါ) ဗမာမွတ်စလင်ကွန်ဂရက် (ဗမက)အဖွဲ့သည်လည်း လူမျိုးရေးအဖွဲ့အဖြစ် ပါဝင်ခဲ့ကြလေသည်။ (ဖ-ဆ-ပ-လ) အဖွဲ့ကြီးက ဦးဆောင်မှုဖြင့် အမျိုးသားစည်းလုံးညီညွတ်သွေးစည်းရေးသည် အထွတ်အထိပ်ရောက်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲတွင် နယ်ချဲ့သမားနှင့် အပေါင်းအပါတစ်စု၏ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းမွန်စော်ဘွား စပ်စံထွန်း၊ မန်းဘခိုင်၊ ဦးအုန်းမောင်၊ ဦးရာဇာတ်နှင့် ကိုယ်ရံတော် ရဲဘော်ကိုထွေးပါ အသက်ကို စတေးခဲ့ပါသည်။ (ဖ-ဆ-ပ-လ)အဖွဲ့ကြီးတွင်လည်း စည်းလုံးညီညွတ် သွေးစည်းမှု၊ တိုင်းရင်းသား ပြည်သူလူထုကြီးတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်၍ လွတ်လပ်ရေးကြီးကို ရရှိခဲ့လေသည်။ 

၅။ (ဖ-ဆ-ပ-လ)အဖွဲ့ကြီးသည် လွတ်လပ်ရေးရရှိပြီးနောက် သူပုန်ထ၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တစ်စတစ်စ မှေးမှိန်လာကာ ဘာသာရေးပြဿနာရှေ့တန်းတင်လာခြင်းကြောင့် အမျိုးသားစည်းလုံးညီညွတ်ရေး တစ်စတစ်စပြိုကွဲလာရာ ဖဆပလအဖွဲ့ကြီးက (ဗမက) သည် ဗမာမွတ်စလင်ဆိုသော အမည်ဖြင့် ဘာသာရေးဘန်းပြကာ နိုင်ငံရေးလုပ်သည့်အဖွဲ့ကြီးဖြစ်လာနိုင်၍ (ဖဆပလ) အဖွဲ့ချုပ်ဥက္ကဋ္ဌကြီးလည်းဖြစ် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သော သီးနုက (ဗမက)အဖွဲ့ကို ဖျက်သိမ်းရန် ညွှန်ကြားခဲ့လေသည်။

       (ဗမက)သည် ဖွဲ့စည်းခဲ့ကြစဉ် စည်းရုံးရေးကို အဓိကထားခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် (ဗမက) အဖွဲ့၏ တာဝန်ရှိခေါင်းဆောင်များသည် ဗမာမွတ်စလင်သည် ဗမာဖြစ်သည်ဟု သတ်မှတ်၍ ဗမာကို ဗမာက သိရမည်ဟူသော ကြွေးကြော်သံနှင့် ဆောင်ရွက်ခဲ့ရာ တစ်ဖက်တွင် ဗမာလူမျိုးဟူ၍ သတ်မှတ်ကြပြီး တစ်ဘက်တွင် အမည်တစ်မျိုး ထားခဲ့ကြပါသည်။ ယင်းအမည်မှာ " ဗမာ " " မွတ်စလင် " ဟူ၍ ဗမာနှင့် မွတ်စလင် ရော၍ အမည်ပေးသတ်မှတ်ခဲ့ကြသည်။ အမည်မှန်ကို ဦးတည်ဖွဲ့စည်းရမည့်အစား (ဗမက) အဖွဲ့သည် မပြတ်သားခဲ့၍ ဖျက်သိမ်းရေးကိရိယာအဖြစ်နှင့် နိဂုံးချုပ်ရလေသည်။
       (ဖ-ဆ-ပ-လ)အမျိုးသားညီညွတ်ရေး အဖွဲ့ချုပ်ကြီးလည်း တည်မြဲ(ဖဆပလ)နှင့် သန့်ရှင်း(ဖဆပလ)ဟူ၍ နှစ်ခြမ်းကွဲသည်။ သန့်ရှင်း ဖဆပလမှ ပြည်ထောင်စု(ပထစ)အမည်ပြောင်းပြီး ဘာသာရေးနှင့် နိုင်ငံရေး ရောထွေး၍ ဘာသာရေးကို ရှေ့တန်းတင်ကာ အာဏာကို ရရှိခဲ့၍ နိုင်ငံတော်ဘာသာအဖြစ် ကြေညာသည်။ ပဒေသရာဇ်စော်ဘွားများက ဦးစီးကာ ဖက်ဒရယ်မူကို တင်လာသည်။ အမျိုးသား စည်းလုံးညီညွတ်မှုပျက်ပြားကာ (ဖဆပလ)အဖွဲ့ကြီးလည်း နောက်ဆုံး နိဂုံးချုပ်ခဲ့ရလေသည်။
       (ဖဆပလ)သည် ၁၉၅၆-ခု၊ စက်တင်ဘာလ(၃၀)ရက်နေ့တွင် ဖျက်သိမ်းလိုက်သည်။ ထို့ကြောင့် ၁၉၅၆ အောက်တိုဘာလ (၁)ရက်နေ့တွင် (ဗမက)သစ် အဖြစ် ဖွဲ့စည်းလိုက်သည်။ (ဗမက)သစ်က သမိုင်းကြောင်းအရလည်းကောင်း၊ လူမျိုးဖြစ်နိုင်သည့်လက္ခဏာအရ မြန်မာ့ရာဇဝင်များတွင် ထင်ရှားခဲ့သည့် ပသီလူမျိုးများ၏ အဆက်အနွယ်များသည် ယနေ့ ဗမာမွတ်စလင်ဆိုသူများ ဖြစ်နေကြခြင်းကြောင့် အမည်မှန် ပြန်၍ ဖွဲ့ရန် ဆုံးဖြတ်လိုက်ကြပြီး ယင်းတို့၏ ကိုယ်စား ဗမာနိုင်ငံလုံးဆိုင်ရာ ပသီအမျိုးသားကွန်ဂရက်(ဗမက)အဖြစ် ရပ်တည်ဆောင်ရွက်ခဲ့ကြသည်။
       မြန်မာနိုင်ငံသည် အဖက်ဖက်မှ ယိုယွင်းပျက်ပြားလာကာ အမျိုးသားညီညွတ်ရေးကိုပါ ထိခိုက်လာခဲ့၍ ၁၉၆၂ ခု၊ မတ်လ (၂)ရက်နေ့တွင် တော်လှန်ရေးကောင်စီသည် နိုင်ငံတော် ဦးဆောင်ရန်အတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဖွဲ့စည်းကာ အမျိုးသားညီညွတ်ရေးအခြေခံပေါ်မူတည်ပြီး အကွဲကွဲအပြားပြားဖြစ်နေကြသည့် ပါတီများ နိုင်ငံရေးအဖွဲ့အစည်းများရှိရန် မလိုတော့၍ ၁၉၆၄ ခု၊ ဧပြီလ (၄) ရက်နေ့တွင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ရေးဥပဒေအရ ပါတီအဖွဲ့အစည်းများအားလုံးကို ဖျက်သိမ်းခဲ့ရာ ပသီအမျိုးသားကွန်ဂရက် (ဗပက) အဖွဲ့ကိုလည်း ဖျက်သိမ်းလိုက်ပါသည်။
       ပြည်ထောင်စုသားများသည် ညီညွတ်မှုမရှိ တစ်ယောက်တစ်ပေါက် လုပ်နေကြလျှင် အားလုံးပျက်စီးဆုံးရှုံးမှုရလဒ်သာရှိပြီး ညီညီညာညာ ဆောင်ရွက်ကြလျှင် အားလုံး အကျိုးအမြတ်ရှိနိုင်ပါသည်။ မိမိတို့၏ ဘဝကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသော တိုင်းရင်းသားလူမျိုးများအပါအဝင် ပသီတိုင်းရင်းသားများသည် လူမျိုးရေးတန်းတူမှုဖြင့် မရှိအတူ၊ ရှိအတူ အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက်၊ ကောင်းတူဆိုးဖက်၊ ထာဝစဉ်စည်းလုံးညီညွတ်စွာ နေကြရမည်ဟူသော အာဇာနည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၆-ခု၊ ဇန်နဝါရီ(၂၀)ရက်နေ့ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ (ဖ-ဆ-ပ-လ)ညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သော မိန့်ခွန်းသြဝါဒကို အလေးအနက် ခံယူကြရပါမည်။
       နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီ အခွင့်အရေးများ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပိုင်ခွင့်များနှင့် လွတ်လပ်ခွင့်များခံစားရန်အတွက် ရပိုင်ခွင့်ရှိသလို၊ တာဝန်ပိုင်းအရ နိုင်ငံတော်အတွက်ကျရောက်လာသော တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရပါမည်။
       တိုင်းရင်းသားလူမျိုးများထဲတွင် ပသီတိုင်းရင်းသားများအား အသိအမှတ်ပြု၍ တိုင်းရင်းသား ပြည်သူများနှင့် အတူ လက်တွဲကာ၊ သမိုင်းပေးတာဝန်အရ အမျိုးသားစည်းလုံးညီညွတ်ရေး၊ငြိမ်းချမ်းရေးအတွက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရမည်မှာ အဓိကတာဝန်ဖြစ်ပါသည်။
       ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုင်ရေး၊ လွတ်လပ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရန် တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ၍၊ ပသီတိုင်းရင်းသားများသည် ခေတ်အဆက်ဆက်က တိုင်းပြည်နှင့် လူမျိုးများအပေါ် သစ္စာရှိရှိ၊ သတ္တိရှိရှိ ရဲရင့်ထူးချွန်စွာ မွန်မြတ်ဂုဏ်ယူဖွယ်ရာတာဝန်များကို ထမ်းဆောင်ခဲ့သည့် အစဉ်အလာနှင့်အညီ ထမ်းဆောင်ကြရပါမည်။
       တိုင်းရင်းသား ပသီများသည်၊ အတိတ်ခေတ်က သမိုင်းကို လေ့လာ၍ ပစ္စုပ္ပန်ခေတ်၏ လုပ်ဆောင်ချက်များကို ပေါင်းစပ်သုံးသပ် သင်ခန်းစာယူကာ အနာဂတ်ခေတ်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အား ငြိမ်းချမ်းသာယာဝပြောပြီး တိုးတက်ခေတ်မီသော နိုင်ငံတနိုင်ငံအဖြစ် ရောက်ရှိလာစေရန်၊ မိမိတို့ ပါဝင်ဆောင်ရွက်ရမည့်တာဝန်ကို အားကြိုးမာန်တက် ပြောင်မြောက်အောင် ထမ်းဆောင်ကြရပါလိမ့်မည်။
       ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများနှင့်အတူ ပသီတိုင်းရင်းသားတို့သည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ ချီတက်ရေးအတွက် ကာယ၊ ဥာဏ၊ ဝီရိယ ၊ စွမ်းအားရှိသလောက် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရမည်မှာ သမိုင်းကပေးအပ်လာသော မဟာတာဝန်ဖြစ်သည်။
       နိဂုံးတွင် လူမျိုးရေးဆိုင်ရာအမည် အခေါ်အဝေါ်များ ဆင်းသက်လာပုံကို အနှစ်ချုပ် ဖော်ပြလိုက်ပါသည်။
       ရှေးခေတ်က ဗြဟ္မာ၊ အလယ်ခေတ်-မြန်မာ၊ ယခုခေတ်- ဗမာ ဟု ခေါ်ကြသည်။
       ရှေးခေတ်- ရမန်၊ အလယ်ခေတ်- တလိုင်း၊ ယခုခေတ် မန်း (မွန်) ဟု ခေါ်ကြသည်။
       ဘုရင်ခေတ်က - ပသီ၊ နယ်ချဲ့ အင်္ဂလိပ်ခေတ်က - ဇေရဘာဒီ၊ နန်းရင်းဝန် ဂဠုန်ဦးစောခေတ်က - မြန်မာမွတ်စလင်၊ (ဖ-ဆ-ပ-လ) ခေတ်က ဗမာမွတ်စလင် ၊ ယခုခေတ်တွင် "ပသီ" ဟူ၍ နေရာမှန်သို့ ရောက်ရှိလာခဲ့ပါသည်။
       ဗမာသို့မဟုတ်၊ မြန်မာဟူသော အသုံးအနှုန်းအတွက် ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (ယခင်) နှင့် ပတ်သက်သော အဓိပ္ပါယ်ရှင်းလင်းချက်၊ စာတန်း စာမျက်နှာ (ဂ) အောက်ဆုံးပိုဒ်တွင် ရှင်းလင်းထားပါသည်။ ဗမာလူမျိုးဖြစ်သည်။ မြန်မာသည် နိုင်ငံသားတိုင်းရင်းသား လူမျိုးအားလုံးကို မြန်မာနိုင်ငံသား မြန်မာနိုင်ငံဟုခေါ်ဆိုသည်။
       ရာမည ဒေသတွင် မွန်လူမျိုးများအား "မန်" (မွန်)ဟု ခေါ်ဝေါ်ကြသည်။ ပုဂံခေတ် မည် (ရမေည်) သုဝဏ္ဏဘုံမိခေတ် တန်လိုင်(တလိုင်း) ဟံသာဝတီခေတ် မန် (ရမန်) ယခုခေတ် မန်(မွန်)
       မွန် ရိုးရာဓလေ့ထုံးစံများ၊ တိုင်းရင်းသား ယဉ်ကျေးမှု စာအုပ်စာမျက်နှာ (၁၃)တွင်လည်းကောင်း၊ အနော်ရထာအလျင်က မြန်မာနိုင်ငံ စာမျက်နှာ (၂၅၉)တွင် ဖော်ပြထားပါသည်။
       ပသီဟူသောအမည်သည် ပုဂံခေတ်ကပင် လူမျိုးစုအမည်အဖြစ် စတင်သုံးစွဲခဲ့ပြီး သက္ကရာဇ် ၅၈၃ (အေဒီ ၁၂၂၁)တွင် (ယခု) ပုသိမ်မြို့၌ ပသီမင်းဆက် ၃ ဆက် ၁၂ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့သည်ကို အကြောင်းပြုကာ ပသီမြို့ဟု ခေါ်တွင်ရာမှ ပိုမိုတွင်ကျယ်ခဲ့ပါသည်။ မြန်မာ့သမိုင်းတွင် အစဉ်အဆက် သမိုင်းဝင် လူမျိုးစုအမည်အဖြစ် ထင်ရှားရှိသော အမည်ဖြစ်ပါသည်။   ။
ပသီသိန်း
 ပုသိမ်မြို့ (ပသီမြို့)



No comments:

Post a Comment