Tuesday, January 20, 2015

ကမ္ဘာအေးတရား(အသံလွင့်သည့်နေ့။ ။ ၁၂-၁၂-၁၉၅၁)

 ကမ္ဘာ့ရာဇဝင်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ခေတ်တိုင်း နယ်တိုင်း နှင့် လူမျိုးတိုင်းတွင် (Prophets)တမန်တော်များ ပွင့်ပေါ်ခဲ့ကြတယ်။ အသီးသီး ပရိယတ္တိကျမ်းများ ဆောင်လာခဲ့ကြတယ်။ ကမ္ဘာသူ ကမ္ဘာသားများအား အလွန် ယဉ်ကျေးချိုအေးတဲ့ တရားရေအေး အမြိုက်ဆေး တိုက်ကြွေးခဲ့ကြတယ်။
       ယခင် နှစ်ပေါင်း (၁၃၀၀)ကျော်က အရေးဗီးယားတိုင်းပြည်တွင် တမန်တော်များ၏အချုပ်၊ တမန်တော်များ၏  ထွပ်ဖြစ်သော တမန်တော် မိုဟမ္မဒ် (ဆွ) သခင် ပွင့်တော်မူခဲ့တယ်။ ပရိယတ္တိကျမ်းဂန်များ၏ အမိဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ယူဆောင်လာပြီး ကမ္ဘာ့လူထုကြီး တစ်ရပ်လုံးအား ဤသို့ ကြွေးကြော်ခဲ့တယ်။
 اِنِّى رَسُوْلُ اللهِ إِلَيْكُمْ جَمِيْعًا

 အကျွန်ုပ်သည် အသင်တို့ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် ပွင့်လာသော အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်။

لَقَدْ جَاءَكُمْ رَسُولٌ مِّنْ أَنفُسِكُمْ عَزِيزٌ عَلَيْهِ مَا عَنِتُّمْ حَرِيصٌ عَلَيْكُم بِالْمُؤْمِنِينَ رَءُوفٌ رَّحِيمٌ

       အသင်တို့ထံ အသင်တို့၏ အမျိုးသားဖြစ်သော တမန်တော်တစ်ပါး ရောက်လာပြီး ထိုတမန်တော်သည် အသင်တို့ ဆင်းရဲကြီးစွာ ခံရမည့်အရေးကို တွေးပြီး စိတ်မအေး ရင်လေးတော်မူရှာတယ်။ ထို တမန်တော်သည် အသင်တို့၏ အကျိုးကိုသာ အထူးလိုလား တောင့်တတော်မူတယ်။ ထို တမန်တော်သည် ယုံကြည်ခြင်း သဒ္ဒါတရားရှိသော မုအ်အင်န်များအား သာပို၍ပင် သနားကြင်နာတော်မူတယ်။
(ကုရ်အာန် ၉း၁၂၈)

       တမန်တော် မိုဟမ္မဒ် (ဆွ) သခင်သည် စကြဝဠာကြီးကို ဤသို့မြင်သည်။
الْخَلْقُ عِيَا لُ اللهِ

       ဝေနေယျသတ္တဝါအားလုံးတို့သည် အလ္လာအရှင်မြတ်၏ အိမ်ထောင်စုကြီးတစ်ခုဖြစ်သည်။

       ဒီအမိန့်တော်အရဆိုလျှင် ဒီမိုး-ဒို့မိုး၊ ဒီမြေ- ဒို့မြေ၊ ဒီကမ္ဘာ-ဒို့ကမ္ဘာ၊ ကမ္ဘာ့လူထု - ဒို့လူထု၊ ကမ္ဘာ့အရေး - ဒို့အရေး ဖြစ်နေသည်မှာ ထင်ရွားပါတယ်။ ကမ္ဘာ့- ဒို့အရေး ဖြစ်နေသည်မှာ ထင်ရှားပါတယ်။ ကမ္ဘာ့အိမ်ထောင်စုကြီးကို သာယာဝပြောအောင် ပြုလုပ်ခြင်းဟာ ကမ္ဘာ့အိမ်ထောင်သားများ၏ တာဝန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်စုသားတိုင်းသည် မိမိတို့ တာဝန်များကို ဝေပုံကျ ထမ်းဆောင်ရပါမယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး တမန်တော် မိုဟမ္မဒ်(ဆွ)က အတိအလင်း မိန့်တော်မူခဲ့ပါတယ်။
كُلُّكُمْ رَا عٍ وَ كُلُّكُمْ مَسْءُوْلٌ عَنْهُ

       လူတိုင်းလူတိုင်းသည် မင်းလုပ်အုပ်ချုပ်ရမည့် အာဏာပိုင်များ ဖြစ်တယ်။ လူတိုင်း လူတိုင်းသည် - မိမိ၏ တာဝန်ဝတ္တရားနှင့် ပတ်သက်ပြီး အမေးမြန်းခံရမည့် တာဝန်ခံလည်းဖြစ်တယ်။
       တာဝန်ကျေပွန်သည်နှင့် အမျှ ကမ္ဘာတွင် ငြိမ်းချမ်းမှုရရှိမယ်၊ တာဝန်ပျက်ကွက်သည်နှင့်အမျှ ကမ္ဘာတွင် ဆူပူမှုဖြစ်မယ်၊ ဒါဟာ လက်တွေ့ပဲ။

ပထမအနီးဆုံး(ကမ္ဘာ့အမျိုးသမီးများ)

       ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိနှင့် (ပထမ) အနီးဆုံးနှင့် အရင်းနှီးဆုံးသည် ကမ္ဘာ့အမျိုးသမီးများဖြစ်ကြသည်။ ကမ္ဘာ့ငြိမ်းချမ်းမှုနှင့် သာယာမှုကို ဖန်တီးမည့် ကမ္ဘာ့အာဇာနည် သူရဲကောင်းများကို လက်ပူးလက်ကျပ် ပြုစုပျိုးထောင်ပေးလိုက်သူများမှာ ဒီ အမျိုးသမီးများပင်ဖြစ်တယ်။ ဒါကြောင့် တမန်တော် မိုဟမ္မဒ်(ဆွ)သခင်က မိန့်တော်မူခဲ့တယ်။

خير كم خير كم لا هلكم وانا خير كم لا هلى

       မိမိတို့၏ အိမ်သူများအပေါ် ကောင်းသူမှ လူကောင်း၊ ကျွန်ုပ်သည် မိမိအိမ်သူများအပေါ် အကောင်းဆုံးဖြစ်တယ်။

اتقو الله فى ا لنساء

       အသင်တို့သည် အမျိုးသမီးများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်အား ကြောက်ကြကုန်လော့။

ان ا لجنة اقد ام الا مها ت

       ဂျန္နသ်သည် မိခင်များ၏ ဖဝါးအောက်၌ ရှိသည်။

ဒါ အမျိုးသမီးများ၏ အခွင့်အရေးနှင့် အဆင့်အတန်းကို မြှင့်တင်ပေးခြင်းပဲ။

ဒုတိယအနီးဆုံး(အိမ်နီးနားချင်းများ)

       ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့် ဒုတိယ အနီးဆုံးသောသူများသည် အိမ်နီးနားချင်းများ ဖြစ်ကြသည်။ အိမ်နီးနားချင်းများနှင့် အဆင်မပြေသည်နှင့်အမျှ မိမိအိမ်တွင်လည်း သာယာမှုမဖြစ်နိုင်။ ဒါကြောင့် တမန်တော်မြတ် မိုဟမ္မဒ်(ဆွ) သခင်သည် ကျမ်းသစ္စာ သုံးကြိမ်တိတိ ကျိန်ဆိုပြီး တိတိလင်းလင်း မိန့်တော်မူခဲ့တယ်။

والله لا يو من الذى لا يو من جا ره بواءقه

       အလ္လာဟ်အား တိုင်တည်ပြောဆိုအံ့။ မိမိ အိမ်နီးနားချင်းကို ဒုက္ခပေးသောသူသည်(မုအ်မင်န်)မဟုတ်။

တတိယအနီးဆုံး(ဆင်းရဲသားများ)

       ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိနှင့် တတိယ အနီးဆုံးသော သူများဟာ ဆင်းရဲသူ ဆင်းရဲသား လက်လုပ်လက်စားများ ဖြစ်ကြတယ်။ ဆင်းရဲသားများသည် ကမ္ဘာ့အိမ်ထောင်စုကြီးတွင် လူများစုဖြစ်ကြပြန်ရာ သူတို့၏ ပြဿနာသည် အကြီးဆုံးပြဿနာပင်ဖြစ်သည်။ ဒါကြောင့် တမန်တော်မိုဟမ္မဒ်(ဆွ)သည် ဆင်းရဲသားများ၏ အရေးကို အများဆုံး အားပေးပြီး မိန့်တော်မူခဲ့တယ်။

الفقر فخرى

       ဆင်းရဲမှုသည် ကျွန်ုပ်၏ ဂုဏ်ဒြပ်ဘဲ။
       လုပ်သားအား ချွေးမခြောက်မီ လုပ်ခပေးပါ။
       ဓနရှင်များ၏ ဓနစည်းစိမ်သည် ဆင်းရဲသားများ၏ ကျေးဇူးပဲ။

اللهم احينى مسكينا وابعثنى مع المسا كين

       အို - အလ္လာဟ်အရှင် ၊ ကျွန်တော်မျိုးသည် ဆင်းရဲသားများနှင့်အတူနေပါရစေ။ ဆင်းရဲသားများနှင့်အတူ သေပါရစေ။ ဆင်းရဲသားများနှင့်အတူ ထပါရစေ။ ဟု တမန်တော်မိုဟမ္မဒ် (ဆွ) သခင်သည် အရှင့်ထံ ဆုများပန်သွားရှာတော်မူခဲ့တယ်။

စတုတ္ထအနီးဆုံး (တိရစ္ဆာန်များ)

       ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့် စတုတ္ထအနီးဆုံးသည် တိရစ္ဆာန်များ ဖြစ်ကြတယ်။ တိရစ္ဆာန်တွေမရှိလျှင် ကမ္ဘာ့အိမ်ထောင်စုကြီးတွင် ဒုက္ခကြီးငယ် ဆိုက်ရောက်မည်ကို အထူးပြောစရာမလိုပါ။
ဒါ့ကြောင့် -
တိရစ္ဆာန်များကို အစာငတ် ချီနှောင်မထားပါနှင့်
တိရစ္ဆာန်တို့၏ ကျောကုန်းများကို မိမိတို့၏ မိမိတို့၏ ထိုင်စရာများ ပြုလုပ်ပြီး မထားကြနှင့်
တိရစ္ဆာန်အချင်းချင်း မတိုက်ကြနှင့်၊ ငှက်သိုက်မှ ငှက်ကလေးများကို မဖမ်းကြနှင့်
စာနာခြင်းတရား အမြဲထားကြပါ။
       ဟု တမန်တော်မြတ်(ဆွ)မှာကြားတော်မူခဲ့တယ်။

ကမ္ဘာ့သာယာမှုအတွက်အရေးကြီးသောစီးပွားရေး

       ကမ္ဘာ့သာယာမှုတွင် စီးပွားရေးသည် အရေးကြီးသော အချက် တစ်ချက်ဖြစ်တယ်။ စီးပွားရေးမကောင်းသည်နှင့် အမျှ သာယာမှုမဖြစ်နိုင်ပါဘူး။ဒါကြောင့် တမန်တော်မြတ် မိန့်တော်မူခဲ့တယ်။

طلب الحلال فريضة بعدالفريضة

        တရားသဖြင့် စီးပွားရှာခြင်းသည် ဖရဿ်တာဝန်များနောက် ဖရဿ်တာဝန်တစ်ရပ်ပင်ဖြစ်သည်။

او صيكم با لتجارافانهم بردالافاق وامناألله فى الارض

       ကျွန်ုပ် အသင်တို့ကို မှာကြားခဲ့မယ်။ ကုန်သည်များနှင့် ကောင်းမွန်စွာ ဆက်ဆံကြ။ ကုန်သည်များသည် ကမ္ဘာ၏ သုခကို ဆောင်သူများ ဖြစ်ကြတယ်။ ကုန်သည်များသည် ကမ္ဘာမြေပြင်တွင် အလ္လာဟ်အရှင့်သစ္စာတော်ထိန်းများဖြစ်ကြတယ်။

ကမ္ဘာ့သာယာမှုအတွက် အရေးကြီးသော ပညာရေး

       ကမ္ဘာ့သာယာမှုတွင် ပညာရေးသည် အရေးကြီးဆုံး ပြဿနာတစ်ရပ်ဖြစ်နေပြန်ရာ တမန်တော်မိုဟမ္မဒ်(ဆွ)သခင်သည် ပညာမသင်မနေရဥပဒေ ကို ထုတ်ပြန်ကြေညာတော်မူခဲ့တယ်။

ပုခက်တွင်းမှ သင်္ချိုင်းသို့တိုင် ပညာဆည်းပူးကြပါ။

       ပညာရှင်တစ်ဦး၏ အိပ်စက်နေခြင်းသည် ပညာမဲ့တစ်ယောက်၏ ခဝပ်ပူဇော်ခြင်းထက် မြတ်တယ်- ဟု တမန်တော်က မိန့်တော်မူခဲ့တယ်။


ကမ္ဘာ့သာယာမှုအတွက် အရေးကြီးသော ယဉ်ကျေးမှု

       ကမ္ဘာ့သာယာမှုတွင် ယဉ်ကျေးမှုသည် ဆက်ဆက်ရှိအပ်သော အချက်တစ်ရပ်ဖြစ်ပြန်ရာ - 

من لم ير حم صغير ناو لم يو قر كبير نا فليس منا

       ငယ်သူကို မသနား ၊ ကြီးသူကို မလေးစားသောသူသည် ငါ၏ အသင်းဝင်မဟုတ်- ဟု တမန်တော်က မိန့်တော်မူခဲ့တယ်။


ကမ္ဘာ့သာယာမှုကို ဖျက်ဆီးသည့် ပထမအချက် (လူတန်းစားခွဲခြားမှု)


       ကမ္ဘာ့သာယာမှုကို ဖျက်ဆီးရာတွင် လူတန်းစားခွဲခြားမှုသည် ပထမအချက်ဖြစ်တယ်။ တမန်တော်သည် လူတန်းစားခွဲခြားမှုကို စက်ဆုပ်ရွံရှာသည့်အတွက် အတိအလင်း မိန့်တော်မူခဲ့တယ်။

ايها الناس الا ان ربكم وا حد وان ابا كم..............................
.................................
.................................

       အို-လူသားတို့ အသင်တို့အရှင်သည် တစ်ပါးတည်း၊ အသင်တို့၏ ဖခင်သည် တစ်ဦးတည်း ၊ အာရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ။ အခြားလူမျိုးသည်လည်း အာရဗ်လူမျိုးထက်မသာ၊ အနီသည် အနက်ထက် မသာ၊ အသင်တို့သည် အာဒမ်သခင်၏ သားသမီးများ ဖြစ်ကြသည်။ အာဒမ်သခင်ကို မြေနှင့် ဖန်ဆင်းထားတော်မူသည်။

ကမ္ဘာ့သာယာမှုကိုဖျက်ဆီးသည့် ဒုတိယအချက်(ဘာသာရေးအယူသီးမှု)

       ကမ္ဘာ့သာယာမှုကို ဖျက်ဆီးရာတွင် ဘာသာရေး အယူသီးမှုသည် ဒုတိယအချက်ဖြစ်တယ် ဒါကြောင့် တမန်တော်မြတ် မိန့်တော်မူခဲ့တယ် -

اياكم والغلو فى فانما اهلك من كا ن قبلكم الغلو فى الد ين

       အသင်တို့ ဘာသာရေးအယူသီးမှုကို သတိကြီးစွာဖြင့် ရှောင်ရှားကြလော့၊ ဘာသာရေးအယူသီးမှုသည် ရှေးလူဟောင်းများကို ဖျက်ဆီးခဲ့ဖူးသည်။

          နောက်ဆုံးတမန်တော်မြတ် (ဆွ) သခင်သည် မိမိဂုဏ်ပုဒ်နှင့်အညီ ကမ္ဘာ့လူထုကြီးအား ဤသို့မှာကြားခဲ့တယ်။

لاتقا طعو لا تد ابروالاتباغضواولاتحا سدواوكونواعبادالله اخوا نا

       အို-ကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့၊ အသင်တို့သည် တစ်ဦးနှင့်တစ်ဦး အဆက်မဖြတ်ကြနှင့်၊ တစ်ဦးနှင့်တစ်ဦး နောက်ကွယ် မပြောကြနှင့်၊ မမုန်းတီးကြနှင့် မနာလိုဝန်တိုသောစိတ်လည်း မထားကြနှင့် အသင်တို့သည် ညီရင်းအကိုပမာ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနေထိုင်ကြ။
       သောတရှင်အပေါင်းတို့ခင်ဗျာ၊ ကြားနာတော်မူကြရတဲ့အတိုင်း-
(၁)ကမ္ဘာကြီးသည် အိမ်ထောင်စုကြီးတစ်ခုဖြစ်ပါတယ်။
(၂)ကမ္ဘာသာယာမှုသည် လူတိုင်းလူတိုင်း၏ တာဝန်ဖြစ်ပါတယ်။
(၃)အမျိုးသမီးများအား အခွင့်အရေး ကျပ်ပြည့်ပေးကြပါ။
(၄)အိမ်နီးချင်းများကို ဒုက္ခမပေးကြပါနှင့်။
(၅)ဆင်းရဲသားများကို မစော်ကားကြပါနှင့်။
(၆)တိရစ္ဆာန်များကို မနှိပ်စက်ကြပါနှင့်။
(၇)တရားသဖြင့် စီးပွားရှာပါ။
(၈)ပညာကို ဆည်းပူးကြပါ။
(၉)ယဉ်ကျေးမှုကို အမြဲသတိပြုကြပါ။
(၁၀)လူတန်းစားမခွဲခြားပါနှင့်။
(၁၁)ဘာသာရေးအယူမသီးကြပါနှင့်။
(၁၂)ညီရင်းအကိုပမာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံနေထိုင်ကြပါ။
သောတရှင်အပေါင်းတို့ခင်ဗျာ ...
- ဒါ တမန်တော်မြတ်မိုဟမ္မဒ်(ဆွ)သခင်၏ ကမ္ဘာအေးတရားပါပဲ။
- ကမ္ဘာအေးတရားကို လက်တွေ့ကျင့်သုံးလျှင် တို့ကမ္ဘာ အေးချမ်းမှာ သေချာတယ်။
- ဘေးဘယာဝေးကွာ၍ ဒို့ကမ္ဘာ အေးချမ်းသာယာပါစေသတည်း။
- တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) သခင်အပေါ်သို့ ကောင်းချီးမင်္ဂလာအဖြာဖြာ သက်ရောက်ပါစေသတည်း။
(ဃာဇီ မိုဟမ္မဒ် ဟာရှင်မ်)
အထွေထွေ အတွင်းရေးမှူး
ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင် အိုလမာအဖွဲ့ချဲပ်
၁၉၅၁ ခုနှစ်၊ ဒီဇင်ဘာလ ၊ (၁၂) ရက်။

***************************


No comments:

Post a Comment