Friday, January 23, 2015

အစ္စလာမ်ကောင်စီ၏
ဖွဲ့စည်းမှုဆိုင်ရာအချက်အလက်များ
(အစ္စလာမ့်စာစဉ်-၅၅)
      အစ္စလာမ်ကောင်စီဖွဲ့စည်းတည်ထောင်ခဲ့သော(၅၄)နှစ်တာ ကာလအတွင်း အောင်မြင်မှုများနှင့် မအောင်မြင်မှုများသည် ရောပြွမ်းလျက်ပင်ရှိပါသည်။ အစ္စလာမ်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် ယခုထက်ပိုမိုကြိုးပမ်းဆောင်ရွက်ရန် လိုအပ်နေပါသည်ဟု ခံယူပါသည်။
      သက်ဆိုင်ရာ အစ္စလာမ်ကောင်စီခွဲများ ၊ သက်ဆိုင်ရာဒေသမှ အစ္စလာမ်ဘာသာရေး အသင်းအဖွဲ့များနှင့် အစ္စလာမ်ဘာသာဝင်များသည် အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ အစ္စလာမ်ကောင်စီဌာနချုပ်သို့ တင်ပြလာသည်များရှိပါသည်။
၁။ နိုင်ငံသားမိဘနှစ်ပါးမှ မွေးဖွားလာကြသည့် အစ္စလာမ်သာသနာဝင်များသည် နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားရာတွင်လည်းကောင်း၊ ပျောက်ဆုံး/ပျက်စီး မိတ္တူလျှောက်ထားရာတွင်လည်းကောင်း၊ ကြန့်ကြာမှုအခက်အခဲများ တွေ့ကြုံနေကြရပြီး ၎င်းနိုင်ငံသားစိစစ်ရေးကတ်ပြားဖြင့် ခရီးသွားလာရာတွင်လည်း အခက်အခဲအချို့ကြုံတွေ့နေကြရခြင်းကိစ္စ၊
၂။ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား နိုင်ငံသား အစ္စလာမ်သာသနာဝင်များသည် မိမိတို့ဒေသအတွင်းရှိမြို့နယ်တစ်ခုမှ အခြားမြို့နယ်တစ်ခုသို့ သွားလာရန်အတွက်သော်လည်းကောင်း၊ အစ္စလာမ်သာသနာဝင်အချင်းချင်း အစ္စလာမ့်တရားတော်အရ နိကာဟ်ပြု လက်ထပ်ထိမ်းမြားရန် အတွက်သော်လည်းကောင်း၊ သက်ဆိုင်ရာဒေသ အာဏာပိုင်များ၏ ခွင့်ပြုချက် လျှောက်ထားရယူရခြင်း၊ ထိုသို့ခွင့်ပြုချက် လျှောက်ထားရာတွင်လည်း ကြန့်ကြာမှု အခက်အခဲများကြောင့် သာသနာရေး၊ လူမှုရေး၊ ကျမ်းမာရေး၊ ပညာရေး၊ စီးပွားရေးကိစ္စများတွင် မလိုလားအပ်သော အခက်အခဲများ ကြုံတွေ့နေရခြင်းကိစ္စ။
၃။ အစ္စလာမ်သာသနာဝင်တို့ စုပေါင်းဝတ်ပြုကိုးကွယ်ရန်နေရာ ဗလီဝတ်ကျောင်းတော်များနှင့် သာသနိက အဆောက်အအုံများ ပြင်ဆင်မွမ်းမံရန်အတွက် ခွင့်ပြုချက် လျှောက်ထားရာတွင် ရယက၊ မယက၊ ခယက၊ တယက/ပယက၊ တိုင်း/ပြည်နယ် သာသနာရေးမှူးရုံး၊ သာသနာရေး ဦးစီးဌာန၊ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့ စသည်ဖြင့် နေရာများစွာတွင် အဆင့်ဆင့်လျှောက်ထားရသည့်အတွက် ကြန့်ကြာမှုများ ကြုံတွေ့နေရခြင်းနှင့် တိုးတက်များပြားလာသည့် လူဦးရေနှင့်အညီ တိုးချဲ့/တိုးမြှင့် ဆောက်လုပ်ခွင့်မရသဖြင့် အခက်အခဲတွေ့ကြုံရသည့်ကိစ္စ။
၎။ မြို့သစ်များတွင် အစ္စလာမ်သာသနာဝင်များ စုပေါင်းဝတ်ပြုကိုးကွယ်ရန်နှင့် ရင်သွေးငယ်များအား သာသနာ့စာပေသင်ကြားပေးရန် သာသနိက အဆောက်အအုံများ မရှိသဖြင့် အခက်အခဲ ကြုံတွေ့ရသည့်ကိစ္စ။
၅။ (၂၀၀၁)ခုနှစ်တွင် တောင်ငူမြို့၌ လည်းကောင်း၊ (၂၀၀၅)ခုနှစ်တွင် ရေနံချောင်းမြို့၊ ချောက်မြို့၊ မကွေးမြို့၊ ပွင့်ဖြူမြို့တို့တွင် ဖြစ်ပေါ်ခဲ့သော ကိစ္စများအတွက် လုံခြုံရေးအရ ယာယီပိတ်ပင်ထားခြင်းခံရသော ဗလီဝတ်ကျောင်းတော်များပြန်လည်ဖွင့်လှစ်နိုင်ရေးကိစ္စ။
၆။ ဧရာဝတီတိုင်းအတွင်း နာဂစ်လေမုန်တိုင်းကြောင့် ပျက်စီးသွားသော ဗလီဝတ်ကျောင်းတော်များ ပြန်လည်ပြင်ဆင်ဆောက်လုပ်ခွင့် ရရှိရေးကိစ္စ။
၇။  (၂၈-၇-၂၀၀၈)နေ့တွင် ရမည်းသင်းမြို့၊ ဗ-မ-က အနောက်ရပ်ကွက်၊ မနော်ဟရီလမ်းရှိ ဗလီဝတ်ကျောင်းတော် ချိန်ပိတ်ခံထားရခြင်းကိစ္စ။
__________________________________
အထက်ပါကိစ္စရပ်များအနက် အမှတ်စဉ် - ၁ မှ - ၆ အထိကို သာသနာရေးဝန်ကြီးဌာန အစည်းအဝေးများတွင်  အစ္စလာမ်ကောင်စီက တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုကိစ္စများနှင့်ပတ်သက်၍ လေးစားအပ်ပါသော သာသနာရေးဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်ညွှန်ကြားရေးမှူးချုပ်တို့က စိတ်ရှည်စွာ အချိန်ပေး၍ ပြန်လည် ရှင်းလင်းတင်ပြခဲ့သည်များကိုလည်း သက်ဆိုင်ရာအစ္စလာမ်ကောင်စီခွဲများ၊ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များ၊ အစ္စလာမ်သာသနာဝင်များကို လက်လှမ်းမီသမျှ ပြန်လည်ရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါသည်။
********
       အစ္စလာမ်ကောင်စီသည် တိုင်းနှင့်ပြည်နယ် အစ္စလာမ်ကောင်စီခွဲ(၁၀)ခု၊ ခရိုက်အစ္စလာမ်ကောင်စီခွဲ(၂၅)ခုနှင့် မြို့နယ် အစ္စလာမ်ကောင်စီခွဲ (၁၂၉)တို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သဖြင့် လူသားများ၏ သဘောသဘာဝအရ ပြဿနာအခက်အခဲများ နည်းများမဆိုရှိခဲ့၊ ရှိလျှက်၊ ရှိနေဦးမည်သာ ဖြစ်ပါသည်။ အစ္စလာမ်ကောင်စီ၏ တိကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းရှိမှု၊ အထက်အောက် အပြန်အလှန် ထိန်းကျောင်းနိုင်သော အစည်းအဝေးများ၊ ညီလာခံများ ပုံမှန်ကျင်းပဆောင်ရွက်မှု၊ ၎င်းအစည်းအဝေးများ ညီလာခံများတွင် အပြုသဘောဆောင် ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးမှု၊ အနည်းစု၏ဆန္ဒကို တလေးတစား နာယူပြီး အများဆန္ဒနှင့်အညီ စုပေါင်းဆွေးနွေး အဖြေရှာဆောင်ရွက်မှု စသည့် အစ္စလာမ်ကောင်စီ၏ အစဉ်အလာကောင်းများကြောင့် ပြဿနာများ၊ အခက်အခဲများသည် ပြေပျောက်ခဲ့သည်သာ ဖြစ်ပါသည်။
     အစ္စလာမ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် သက်ဆိုင်ရာက တာဝန်ပေးအပ်လာသော အစ္စလာမ့်ရေးရာကိစ္စများကို အစ္စလာမ်ဘာသာရေး အခြားအဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက်ရာတွင်သာ  အခက်အခဲများစွာရှိပါသည်။ ထိုအဖွဲ့အစည်းများ၌ တိုင်းချစ် ပြည်ချက်စိတ်ရှိသော၊ ဘာသာရေး အယူမသီးအစွန်းမထွက်သော၊ နိုင်ငံလုံးဆိုင်ရာအဖွဲ့အစည်းအင်္ဂါရပ်နှင့် ညီညွတ်သော အဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက်ရာတွင် ပြောပလောက်သော အခက်အခဲမရှိပါသော်လည်း၊ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဆိုပါက ယခုကဲ့သို့ပင် မအောင်မြင်မှု၊ကြန့်ကြမှု၊အခက်အခဲများကို ဆက်လက်ကြုံတွေ့နေရမည်ဖြစ်ပါသည်။
      မည်သို့ပင်ဖြစ်စေကာမူ အစ္စလာမ်သာသနာရေးရာကောင်စီသည် မိမိ၏ ရည်မှန်းချက်ပန်းတိုင်တွင် ဖော်ပြထားသည့် မွတ်စလင်မ်ပီသရေး၊ တိုင်းရင်းသားပီသရေး - ဟူသည့် အခြေခံမူအတိုင်း နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေစွာဖြင့် အစ္စလာမ်သာသနာတော်၏ အကျိုးကို ဆက်လက်သယ်ပိုးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း လေးစားစွာ အစီရင်ခံတင်ပြ၍ နိဂုံးချုပ်အပ်ပါသည်။
ဗဟို အလုပ်အမှုဆောင်အဖွဲ့
အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
ရက်စွဲ။   ။ ၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ ၊ (၄) ရက် ။

No comments:

Post a Comment