Sunday, January 25, 2015

အစ္စလာမ်သာသနာရေးရာကောင်စီ နှစ်(၆၀)ပြည့်နှင့် ဇေယျကျော်ထင် ဗိုလ်မှူးကြီး ဘရှင် ရာပြည့်အထိမ်းအမှတ် အခမ်းအနား - ဦးအေးကြူ၏ အခန်းအနားမိန့်ခွန်း

မန္တလေးတိုင်းဒေသကြီး အစ္စလာမ်သာသနာရေးရာ ကောင်စီဥက္ကဋ္ဌ ဦးအေးကြူ၏ ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘရှင် ရာပြည့် အခန်းအနားမိန့်ခွန်း

        လေးစားအပ်ပါသော အစ္စလာမ်သာသနာ့ရေးရာ ကောင်စီဌာနချုပ် ခေါင်းဆောင်ကြီးများနှင့် အစ္စလာမ် ကောင်စီဝင်များ ၊ ဧည့်သည်တော်များခင်ဗျာ ၊ အခုလို ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံလှတဲ့ အခန်းအနားတစ်ရပ် ကျင်းပခွင့်ရရှိတဲ့အတွက် အောလ္လာဟို့အရှင်မြတ်ရဲ့ ဂုဏ်ကျေးဇူးတော်ကို သတိရတသမိပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။
        ဒီကနေ့ အခန်းအနားသို့ တက်ရောက်လာကြတဲ့၊ လူကြီးမင်းများအပေါ်သို့လည်း၊ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်ပါစေလို့! ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

လူကြီးမင်းများခင်ဗျာ

        ဒီနေ့အခန်းအနားဟာ အစ္စလာမ်သာသနာ့ရေးရာ ကောင်စီအဖွဲ့ကြီးရဲ့ နှစ်ခြောက်ဆယ်ပြည့် အခမ်းအနားနှင့် အစ္စလာမ်ကောင်စီအဖွဲ့ကြီးအပေါ်စွမ်းစွမ်းတမန် ဆောင်ရွက်ခဲ့သလို ဖက်ဆစ်တော်လှန်ရေးနှင့် နိုင်ငံတော်သမိုင်းကော်မရှင်တို့မှာ ကြိုးစားဆောင်ရွက်ခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကြီးဘရှင်ရဲ့ နှစ်တစ်ရာပြည့် မွေးနေ့အခမ်းအနား ပူးတွဲကျင်းပတာဖြစ်ပါတယ်။ ဒါပေသော်လည်း ကျွန်တော့်အနေနှင့် ဒီကနေ့ အခမ်းအနားမှာ တမျိုးသားလုံးအပေါ် အစ္စလာမ်သာသနာ့ရေးရာ ကောင်စီအဖွဲ့ကြီးရဲ့ သမိုင်းပေးတာဝန်အဖြစ်ထမ်းဆောင်သွားရမဲ့တန်ဖိုးများ တင်ပြသွားပါမယ်။

လူကြီးမင်းများခင်ဗျာ

        ရခိုင်ပြည်နယ်မှအပ တပြည်လုံးမှာရှိနေကြတဲ့ အစ္စလာမ်ဘာသာဝင်အားလုံးတို့ရဲ့ ၈၀% (ရှစ်ဆယ်ရာခိုင်နှုန်း)ဟာ အတိတ်သမိုင်း ကနဦး ပသီဘိုးဘွားများမှ ခေတ်အဆက်ဆက် ဆင်းသက်ပေါက်ဖွားလာခဲ့ကြတဲ့ ပသီအမျိုးသားများဖြစ်ကြတယ်ဆိုတာကို ကျွန်တော်တို့ ကောင်းမွန်စွာ သိရှိထားဖို့လိုပါတယ်။ ဒါကြောင့် ပသီအမျိုးသားများအဖြစ် သဘောတရားက ပြဋ္ဌာန်းပေးခဲ့တဲ့ လူ့အစုအဝေးဆိုင်ရာ အမျိုးသားရေးတန်ဖိုးများပေါ်ပေါက်လာပုံကို တင်ပြသွားပါ့မယ်။

လူကြီးမင်းများခင်ဗျာ

        အတိတ်ပသီဘိုးဘွားများ အမိမြန်မာနိုင်ငံတော်ရဲ့မြေမှာ ကာလကြာမြင့်စွာ တုတ်နှောင်မိခဲ့ရတဲ့သဘာဝကြောင့် ရရှိလာတဲ့ (၁) ဘူမိဇာတိ ယဉ်ကျေးမှုများ ၊ (၂) မျိုးနွယ်စုများ  နိုင်ငံတော်အခြေပြုပေါင်းစည်းတုတ်နှောင်မိတဲ့ သဘာဝကြောင့်ရရှိလာတဲ့ ယဉ်ကျေးမှုများ (၃) ယုံကြည်ကိုးကွယ်မှုကြောင့်ရရှိလာတဲ့ ယဉ်ကျေးမှုများ စတဲ့ ပသီအမျိုးသားကိုယ်ပိုင် ယဉ်ကျေးမှုများ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလို ပသီအမျိုးသားကိုယ်ပိုင် ယဉ်ကျေးမှုများနှင့်အတူ အတိတ်ဘိုးဘွားများ ကျွန်တော်တို့တမျိုးသားလုံးအား မွေးဖွားသန့်စင်ပေးခဲ့တာကြောင့် အတိတ်ခေတ်အဆက်ဆက်မှ မျက်မှောက်တိုင် တူညီတဲ့ယဉ်ကျေးမှုအားဖြင့် တူညီစွာ ထုတ်ဖော်ပြသတဲ့ စိတ်နေစိတ်ထားများ တပေါင်းတစည်းတည်းရှိနေကြသလို၊ နမိတ်တူ၊ ဘဝတူ၊ ကံကြမ္မာတူ၊ သာသနာတူ ပသီအမျိုးသား လူအစုအဝေးတစ်ရပ်အဖြစ် ဒီကနေ့ တိုင်းနိုင်ငံတော်နှင့်အတူ ရပ်တည်နိုင်ခဲ့တာဟာလဲ ပသီအမျိုးသားယဉ်ကျေးမှုများ နိုင်ငံတော်အခြေပြု ပေါ်ပေါက်ခဲ့တာကြောင့်ပင် ဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျာ

        ကျွန်တော်တို့တမျိုးသားလုံး အတိတ်ခေတ် အဆက်ဆက် နိုင်ငံတော်အပေါ်မှာ သစ္စာစောင့်သိ ချစ်မြတ်နိုးခြင်း နိုင်ငံတော်အတွက် ကာကွယ်ခုခံတိုက်ခိုက်ရာမှာ ပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်း နိုင်ငံတော် တည်ဆောက်ရတဲ့ ကာလတိုင်းမှာ ပါဝင်ဆောင်ရွက်ခဲ့ခြင်း စတဲ့တန်ဖိုးများကို မြန်မာ့သမိုင်းမှာ မော်ကွန်းတင်ဂုဏ်ပြုထားပါတယ်။
        အဲ့ဒီလို တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာစောင့်သိချစ်မြတ်နိုးခြင်း တာဝန်ကျေပြွန်ခဲ့ခြင်း စတဲ့ တန်ဖိုးများ ကျင့်သုံးနိုင်ခဲ့တဲ့ အကြောင်းရင်းဇစ်မြစ်ဟာ နိုင်ငံတော်အခြေပြု ပသီအမျိုးသားယဉ်ကျေးမှုများရဲ့ စေ့ဆော်မှုကြောင့်ပဲဖြစ်ပါတယ်။
        ဒါတင်မက နိုင်ငံတော် ရေမြေသဘာဝ ယဉ်ကျေးမှုအသွင်ဖြင့် မွတ်စလင်ပီသခဲ့ခြင်း တိုင်းရင်းသား ပီသခဲ့ခြင်း တစ်မျိုးသားလုံး ဂုဏ်သိက္ခာရှိစွာဖြင့် ရပ်တည်နိုင်ခဲ့ခြင်း နှစ်ဘဝကောင်းစားရေးကို ဆောင်ရွက်နိုင်ခဲ့ခြင်း၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကြားမှာ အပြန်အလှန် ယုံကြည်လေးစားမှုနှင့်အတူ နိုင်ငံတော်နှင့် လိုက်လျောညီထွေ ရပ်တည်နိုင်ခဲ့ခြင်း စတဲ့ တန်ဖိုးများ ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်တဲ့ အကြောင်းရင်းဟာလည်း နိုင်ငံတော်အပေါ် အခြေပြုထားတဲ့ ကျွန်တော်တို့အမျိုးသား ယဉ်ကျေးမှုများရဲ့ စေ့ဆော်မှုကြောင့်ပင်ဖြစ်ပါတယ်။
        အစ္စလာမ်ကောင်စီအဖွဲ့ကြီးဟာ အထက်ပါအမျိုးသားရေး အခြေခံတန်ဖိုးများကြောင့် ခေတ်အဆက်ဆက် နိုင်ငံတော်နှင့်အတူ ရပ်တည်နိုင်ခဲ့တာဆိုတာကို မမိတ်မသုံ ခံယူထားပါတယ်။
        ဒါကြောင့် အထက်ပါ တန်ဖိုးများရဲ့သက်ဆိုင်မှုကို လူကြီးမင်းများ သိရှိရအောင် ကျွန်တော်များအနေနှင့် တစ်မျိုးသားလုံး ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ပုံရိပ်များကို ဆက်လက်ဖော်ပြသွားပါမယ်။

လူကြီးမင်းများခင်ဗျာ

        လွန်ခဲ့တဲ့ နှစ်ပေါင်း ကိုးရာကျော် အနော်ရထာမင်းလက်ထက်မှာ ပသီအမျိုးသားများ နိုင်ငံတော်တာဝန်ထမ်းဆောင်နေကြတာကိုလည်း သမိုင်းက ဖော်ပြထားပါတယ်။
        မြန်မာသက္ကရာဇတ် - ၃၉၃ ခုနှစ် နန်းစံသက် ၁၃ နှစ် အနော်ရထာလက်ထက်မှာ မိတ္ထီလာကန်ကြီး ဆည်ဖို့ရာတွင် ပသီလက်နက်ကိုင် တပ်များ ပါဝင်ခဲ့ကြောင်း (ဟံသာဝတီ ဦးဘရင်ရေး မြန်မာ့ယဉ်ကျေးမှုနှင့် လယ်သမားရေးရာ စာအုပ်)စာမျက်နှာ-၂၅ မှာ ဖော်ပြထားပါတယ်။
        မြန်မာ့သက္ကရာဇ် - ၇၈၄ တောင်ငူခေတ် မင်းခေါင် အနော်ရထာလက်ထက် မိတ္ထီလာကန် ဒုတိယအကြိမ်ဆည်ဖို့ရာမှာ ပသီလက်နက်ကိုင်တပ်သား တစ်ထောင်ကျော် လိုက်ပါဆည်ဖို့ခဲ့ပါကြောင်း(ကင်းဝန်မင်းကြီး စာပေါင်းစု စာမျက်နှာ - ၈၆ တွင် ဖော်ပြထားပါတယ်။)

လူကြီးမင်းများခင်ဗျာ

        ပုသိမ်မြို့ဟာ- ၁၃ ရာစုနှစ်အတွင်း ပသီများအုပ်ချုပ်ခဲ့တဲ့မြို့ ဖြစ်ခဲ့ကြောင်း စွယ်စုံကျမ်း အတွဲ (၆) စာမျက်နှာ - ၃၅၀ တွင် ဖော်ပြထားသလို ဦးမာဃရေး ပုသိမ်ရာဇဝင်စာအုပ်တွင်လည်း ပုသိမ်မြို့ဟာ ပသီမြို့ဖြစ်ခဲ့ကြောင်း စာမျက်နှာ ၁၃၇ မှာ ဖော်ပြထားပါတယ်။
        ယုံကြည်စိတ်ချရမှုနှင့် သစ္စာရှိမှုတို့ကို အကြောင်းပြုပြီး ကုန်းဘောင်မင်းဆက်(၁၁)ဆက်လုံးမှာ ရွှေလင်္ကျာတပ်ဖွဲ့ရာတွင် ပသီများကိုသာ ခန့်အပ်ခဲ့ကြောင်း (ဝါးခယ်မ မောင်မင်းနိုင်ရေး မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များစာအုပ် စာမျက်နှာ - ၄၄ မှာ ဖော်ပြထားပါတယ်။)
        မြန်မာသက္ကရာဇ် ၁၁၈၂-မှာ လက်အောက်ခံ ကသည်းပြည် ပုန်ကန်ခြားနားသဖြင့် - ဘကြီးတော်စစ်ကိုင်းမင်းကိုယ်တိုင် ချီတက်နှိမ်နင်းရာ စစ်ဗိုလ်ကလေး ပသီ-ဒူကရင် စွန့်စွန့်စားစား ရွပ်ရွပ်ချွန်ချွန် ကွပ်ကဲတိုက်ခိုက်တာကို ဘကြီးတော် စစ်ကိုင်းမင်းကိုယ်တိုင် တွေ့ရှိရယုံမက ကသည်းလေးသောင်းကျော် ဖမ်းဆီးပြီး အပြန်မှာ ခေါ်ဆောင်နိုင်ခဲ့တာကြောင့် ဂုဏ်ပြုသောအားဖြင့် ခံတပ်ဗိုလ်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။(ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ဒုတိယတွဲ စာမျက်နှာ ၂၆၈-၂၆၉ တို့မှာ ဖော်ပြထားပါတယ်) ဒါတင်မက ကသည်း လေးသောင်းကျော်မှာ အစ္စလာမ်သာသနာဝင်ထက်ဝက်ကျော်ပါဝင်နေတာကိုလည်း ဖော်ပြထားပါတယ်။
        တဖန် ခံတပ်ဗိုလ်ဒူကရင်ဟာ မြင်းစီးမြင်းရေးအတတ်နှင့် မြင်းတပ်ကို ကောင်းမွန်စွာ ကွပ်ကဲပြီး စစ်ရေး အောင်ပွဲများရခဲ့တာကြောင့် စစ်သူကြီးမဟာဗန္ဓုလရဲ့ လက်ဆွဲတော်ဖြစ်ခဲ့ပြီး နေမျိုးဂုဏ္ဏရ ဘွဲ့ ထပ်မံရရှိခဲ့တဲ့အကြောင်းကိုလည်း (ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ဒုတိယတွဲ စာမျက်နှာ - ၃၉၂)မှာ ဖော်ပြထားပါတယ်။)
        မြန်မာသက္ကရာဇ် - ၁၂၁၅ ခုနှစ် ဘဝရှင် မင်းတရားကြီး မြေနန်းတော်ကို ထွက်တော်မူ၍ သံဃာတော်ရှစ်ပါး ဆွမ်းကျွေးတော်မူပြီး ဥပုဒ်ယူခဲ့ပါတယ် ထိုအခမ်းအနားမှာ မင်းမှုထမ်းတွေကိုလည်း ကျွေးမွေးပြုစုခဲ့ပါတယ်။ ဝလီခန် မြင်းတပ်သားများနှင့် ပသီတပ်သား ၇၀၀ ကျော်ကို ပုဆိုးခေါင်းပေါင်းများ ပေးလှူစေခဲ့ပြီး မိမိပသီများရဲ့ ဓလေ့ထုံးစံအရ ချက်ပြုတ်ကျွေးမွေးတော်မူကြောင်း ကုန်းဘောင်ဆက် မဟာရာဇဝင်တော် တတိယတွဲ စာမျက်နှာ - ၁၇၀ မှာ ဖော်ပြထားပါတယ်။

လူကြီးမင်းများခင်ဗျာ

        မြန်မာသက္ကရာဇ် ၁၂၈၉ ခုနှစ် ဝါခေါင်လဆန်း သုံးရက်နေ့မှာ မန္တလေးရတနာပုံမြို့သစ် တည်ရေးအတွက် လူပေါင်းများစွာ ခုတ်ထွင်းရှင်းလင်းရာတွင် ဗိုလ်မင်းထင်ရာဇာ ဦးစီးတဲ့ ပသီတပ်သားလေးရာကျော် ပါဝင်ရှင်းခဲ့ကြောင်း သမိုင်းမှာ ဖော်ပြထားပါတယ်။
         နိုင်ငံတော်ကာကွယ်ရေးအတွက် ရန်ဖြိုခွင်း အမြောက်တပ် - ရန်ပုံခွင်း အမြောက်တပ် - ရန်ကင်းအမြောက်တပ် - ရန်လည်အမြောက်တပ် - လက်မနိတ် အမြောက်တပ် စတဲ့ အမြောက်တပ်စုတို့မှာ မြေဒူး ပသီတပ်သားများ ပါဝင်ထမ်းဆောင်ကြကြောင်း (ဦးမောင်မောင်တင် ရေး မြန်မာမင်း လက်ထက်တော်စာတမ်း စာမျက်နှာ-၇၁/၇၂တို့မှာ ဖော်ပြထားပါတယ်။)
         မြန်မာသက္ကရာဇ် ၁၂၄၁ ခုနှစ် သီတင်းကျွတ်လ ၁၂ ရက်နေ့မှာ စစ်အင်္ဂါခင်းပြီး တပ်ဖွဲ့ဝင်အသီးသီး - သီပေါဘုရင်မင်းမြတ် ရှေ့တော်မှောက် ခင်းကျင်းပြသရာမှာ စကြာအမြောက်တပ် တပ်မင်းဗိုလ်မှူး ဟာရှင် ကွပ်ကဲသော ပသီအမြောက် အမှုထမ်း ၁၃၃ ခုပါတပ် တစ်တပ် အမြောက်ဗိုလ် ဦးကြယ် ကွပ်ကဲတဲ့ ပသီတပ်သား ၁၃၃ ယောက် ပါ တပ်တစ်တပ် ဆူးလေးကုန်ဗိုလ်ဦးစီးတဲ့  ပသီအမြောက်တပ်သား ၁၃၃ယောက်ပါ တပ်တစ်တပ် ဗုံးအိုးဗိုလ် ဦးစီးတဲ့ ပသီအမြောက်တပ်သား ၁၃၃ ယောက်ပါတဲ့ ပသီတပ်သားများ ပါဝင်ခဲ့ကြောင်း(ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီး ဒုတိယတွဲ စာမျက်နှာ ၅၁၃-၅၁၅ တို့မှာ ဖော်ပြထားပါတယ်။

လူကြီးမင်းများခင်ဗျာ

        ကုန်းဘောင်မင်းဆက် နောက်ဆုံးမင်း သီပေါ်မင်းလက်ထက်မှာ သရက်မြို့အထထိ နယ်ချဲ့အင်္ဂလိပ်တို့ကျူးကျော်ခဲ့တာကြောင့် အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ ကျူးကျော်စစ်ပွဲကြီးမှာ သီပေါဘုရင်က တပ်ဖွဲ့ဝင် နှစ်သောင်းကျော်စီ ပါဝင်တဲ့ စစ်ကြောင်းကြီး သုံးကြောင်း စေလွတ်ခဲ့ပါတယ်။ အဆိုပါ စစ်ကြောင်းကြီး သုံးကြောင်းအနက်မှ တောင်တွင်းကြီးစစ်ကြောင်းကို ကွပ်ကဲဦးဆောင်တဲ့ စစ်သူကြီးအက္ကပါတ် မြန်းဝန်မင်းကြီး မဟာ မင်းထင်ရာဇာ ငယ်မည် ဦးခြုံဟာ ပသီအမျိုးသား မွတ်စလင်တစ်ယောက်ဖြစ်ပါတယ်။ ဒါတင်မက အထက်ပါ စစ်ကြောင်းကြီးမှာ ပါဝင်တဲ့ အမြောက်တပ် ယမ်းပြီချိန်တပ် မြင်းတပ် ရွေ့လင်္ကျားတပ် သွေးသောက်တပ်တွေမှာလည်း ပသီအမျိုးသားမွတ်စလင် အမြောက်အများ ပါဝင်ခဲ့ကြောင်း( ကုန်းဘောင်မင်းဆက် ရာဇဝင်တော်ကြီး တတိယတွဲ စာမျက်နှာ ၇၁၂ မှာ ဖော်ပြထားပါတယ်။) မင်းကြီး မဟာမင်းထင်ရာဇာဦးခြုံဟာ မန္တလေးရတနာပုံ မြို့တော်ဝန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

လူကြီးမင်းများခင်ဗျာ

        မန္တလေးရတနာပုံမြို့တော် တည်ပြီးနောက် ပသီအမျိုးသားမွတ်စလင်များကို (၁) ကုန်းရိုးတန်း (၂)စစ်ကိုင်းတန်း (၃)စကြာအမြောက်တန်း (၄) တောင်အပ်ချုပ်တန်း (၅) မြောက်အပ်ချုပ်တန်း (၆) ဂျွန်းတန်း (၇) တိုက်တန်း (၈) ဝလီခန်းရပ် (၉)ကိုယ်ရန်တော်ရပ် (၁၀)ကုလားပျိုရပ် (၁၁)တောင်ဘလူရပ် (၁၂) အိုးဘိုရပ် စတဲ့ ရပ်ကွက် (၁၂)ကွက်နှင့် ဗလီ အလုံး နှစ်ဆယ်တို့ဖြင့် နေရာချထားပေးခဲ့ပါတယ်။ (ဦးမောင်မောင်တင်ရေး မြန်မာမင်းများ လက်ထက်တော် စာတမ်း စာမျက်နှာ (၇၂)မှာ ဖော်ပြထားပါတယ်။) တဖန် မင်းတုန်းမင်းလက်ထက် ပသီမွတ်စလင်များ မက္ကာမြို့ ဘုရားဖူးသွားရာမှာ တည်းခိုဖို့ ဒေါင်းတံဆိပ်တော် ခေတ်ဇရပ်ကြီးတစ်ဆောင် လှူဒါန်းတာကိုလည်း သမိုင်းမှာ ဖော်ပြထားပါတယ်။
        မင်းတုန်းမင်းတရားကြီးရဲ့ လင်္ကျာဖက်မှာ အမြဲတမ်းခစားရတဲ့ ရွေးလင်္ကျာ ပသီတပ်သားများ အလွယ်တကူ ဝတ်ငါးကြိမ်တက်နိုင်ဖို့ မင်းတုန်းမင်းကြီး ကိုယ်တိုင် နန်းတွင်းမှာ ရွှေပန္နက်ချပြီး ဗလီတစ်လုံး ဆောက်လုပ်လှူခဲ့ပါတယ်။ အဆိုပါ ရွှေပန္နက်ချ ဗလီ အမည်တွင်တဲ့ ဗလီဟာ ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ခံခဲ့ရတာကြောင့် မြေခပျက်ဆီးခဲ့ရပါတယ်။

လူကြီးမင်းများခင်ဗျား

        (၁၈၇၈-၁၈၈၅)ခုနှစ် သီပေါမင်းခေတ် ဗမာပြည်မြောက်ပိုင်း ဗန်းမော်မြို့ကို တရုတ်တို့ကျူးကျော်သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ဘုရင့်ရေကြောင်းသင်းဘောသုံးစင်းဖြင့် ဗိုလ်မင်းဦးဖိုးကာ ပါဝင်တိုက်ခိုက်ခဲ့သလို (၁၈၈၅) အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲမှာလည်း အမြောက်တပ် တပ်မှုးအဖြစ် ဦးဖိုးကာ ပါဝင်ပြီး မင်းလှခံတပ်မှာ ခံတိုက်ခိုက်ခဲ့တာကိုလည်း သမိုင်းမှာ ဖော်ပြထားပါတယ်။
         (၁၈၈၆)ခုနှစ် မိတ္ထီလာ ကျောက်ဆည် ပခုက္ကူနယ်တို့မှာ ဘုရင်ပါတော်မူပြီး နယ်ချဲ့တို့သိမ်းပိုက်တာကို လက်မခံပဲ တော်လှန်ပုန်ကန်ခဲ့တဲ့ ဗိုလ်ရာကွတ်ကို အင်္ဂလိပ်နယ်ချဲ့တို့ ဖမ်းဆီးပြီး သစ္စာခံရင် ရာထူးပေးမယ်လို့ သွေးဆောင်ချော့မြူခဲ့သော်လည်း လက်မခံတာကြောင့် ကြိုးပေးခဲ့ရာ ဘုရင်ချီးမြှင့်ထားတဲ့ ကတ္တီပါ ဝတ်ရုံစိမ်း ဝတ်ပြီး ကြိုးစင်တက် အသေခံခဲ့ပါတယ်။ ၎င်းဟာ ပသီအမျိုးသား မွတ်စလင်တစ်ယောက်ဖြစ်ပါတယ်။
          (၁၉၃၀) ဆရာစံ ဦးဆောင်တဲ့ လယ်သမားသူပုန်ထကာ အင်္ဂလိပ်ကို တော်လှန်ခဲ့ရာမှာလည်း အစ္စလာမ်ဘာသာဝင် ပသီအမျိုးသား ဦးဒူးဒူးနှင့် ဥက္ကံနယ် ဝမ်ကိုင်ရွာမှ အစ္စလာမ်ဘာသာဝင် ပသီရွာသားအမြောက်အများ ပါဝင်ခဲ့တာဟာလည်း သမိုင်းမှာ ထင်ရှားတဲ့ သာဓကတစ်ရပ်ပါ။
        (၁၉၂၀)ခုနှစ် ရန်ကုန်တက္ကသိုလ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင် (၁၁)ဦးအနက် သံတွဲဦးဘရှင်ပါဝင်ခဲ့သလို ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ - ဦးကျော်ခင် - ပထမဆုံး ရန်ကုန်တက္ကသိုလ်-ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဦးထွန်းစိန် စတဲ့ ခေါင်းဆောင်ကြီးများဟာလည်း အစ္စလာမ်သာသနာဝင် ပသီအမျိုးသားများ ဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျာ

        ဆရာကြီးဦးရာဇာတ်နှင့် ပတ်သက်ပြီး ဂုဏ်ပြုစကားပြောကြားလိုပါတယ်။ ဆရာကြီးဟာ တော်လှန်ရေးသမားတွေကို လက်သဲခြေသဲများခွာပြီး ဖက်ဆစ်ဂျပန်တို့ညှင်းပန်းနှိပ်စက်နေတဲ့ကာလမှာ ဖက်စစ်တော်လှန်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) မန္တလေးခရိုင်အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဖက်ဆစ်ဂျပန်ကို ကိုယ်တိုင်ပါဝင်တော်လှန်ခဲ့ပါတယ်။ ဒီနောက် တော်လှန်ရေးအပြီး မန္တလေးခရိုင် ဖဆပလ အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မန္တလေးဆင်းလာပြီး ရန်ကုန် ဖဆပလ ဌာနချုပ်မှာ တာဝန်ထမ်းဆောင်ဖို့ တစ်ပါတည်းခေါ်ဆောင်သွားခဲ့ပါတယ်။ အဲဒီလို ခေါ်ဆောင်သွားစဉ် ကာလမှာပင် မန္တလေး- လေးပြင်လေးရပ်မှ - သံဃာတော် ဆရာတော်ကြီးများက ဆရာကြီး ဦးရာဇာတ်အား ဝန်ကြီးရာထူးပေးဖို့ အညီအညွတ်တောင်းဆိုခဲ့တဲ့ စာပေးပို့ခဲ့တာကြောင့် ဆရာကြီးဟာ ပညာရေးဝန်ကြီးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တယ်ဆိုတာကိုလည်း လေ့လာသိရှိရပါတယ်။ ဒါတင်မက ဆရာကြီးဦးရာဇာတ်ဟာ မန္တလေးမြို့မှာ အမျိုးသားကျောင်း ပေါ်ပေါက်လာအောင် ဆောင်ရွက်ရာမှာ အဓိကနေရာမှ ပါဝင်ခဲ့သလို အမျိုးသားကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး မျိုးချစ်စိတ်ရှိတဲ့ တပည့်တပန်းများစွာ ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မန္တလေးတက္ကသိုလ်ကြီးပေါ်ပေါက်လာအောင် အဓိကကြိုးပမ်းရာမှာ အဓိကနေရာမှ ဆောင်ရွက်ခဲ့တာကိုလည်း သိရှိရပါတယ် မန္တလေးတက္ကသိုလ်အနီး ရာဇတ်ခမ်းမဆောင်ဟူ၍ ဂုဏ်ပြုဆောက်လုပ်ထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျာ

        ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံတော်ခေါင်းဆောင်ကြီးများနှင့်အတူ ဆရာကြီးဦးရာဇတ်နှင့် အပါးတော်မြဲ ရဲဘော် မောင်ထွေးတို့ နိုင်ငံတော်တာဝန်ထမ်းဆောင်ရင်း အာဇာနည်များအဖြစ် ကျဆုံးခဲ့သော်လည်း အာဇာနည်ကြီးများ ထားရစ်ခဲ့တဲ့ တန်ဖိုးများ နိုင်ငံတော်အတွက် ဆက်လက်ရှင်သန်နေတာကြောင့် တမျိုးသားလုံး ဂုဏ်ယူသွားရမှာဖြစ်သလို ကောင်းမွန်တဲ့ စံတန်ဖိုးများအဖြစ် ကျွန်တော်တို့ ခံယူကျင့်သုံးသွားရမှာဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျာ

        အာရှလူငယ်အဖွဲ့နှင့်ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါတယ်။ ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံးများမှာ အစ္စလာမ်သာသနာဝင် ပသီအမျိုးသားများ ဒေသအလိုက် တော်တော်များများပါဝင်ခဲ့ပါတယ်။ အာရှငယ်ဌာနချုပ်မှာလည်း ဗိုလ်မှူးကြီးဘရှင် ဥာဏဗလမှူးအဖြစ် ပါဝင်ခဲ့သလို အထက်မြန်မာပြည်မှာလည်း သခင်မင်းညို (ဗန်းမော်) ဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင် (ဗန်းမော်) သခင်သိန်းထွန်း (ဒါးတန်းမန္တလေး) သခင်သန်းဖေ (မန္တလေး) ပသီဦးကိုကိုလေး (မန္တလေး) ပသီဦးစိုး (မန္တလေး) ဦးသာဒွန်းကြေးနန်း (မန္တလေး) ဦးဘဦးတောင်ပလူ(မန္တလေး) ဗိုလ်မှူးကြီး တင်စိုး တောင်ပလူ(မန္တလေး) ဦးကျော်မင်း တောင်ပလူ(မန္တလေး) ပသီဦးချစ်ဆွေ(မန္တလေး) ရွှေလှမောင်လေး (မန္တလေး) ဦးလှအောင် (မန္တလေး) ဆရာ-ဦးခင်မောင်ရီ(မန္တလေး) ဦးသန်းညွန့်(မေမြို့) ကျားဘငြိမ်း (မန္တလေး) ချစ်ညို-ဘသိန်း(မန္တလေး) သခင်လေးမောင်(ဘုန်းအိုး အမရပူရ) ၊ ရဲဘော်ဘတုပ် (ဘုန်းအိုး အမရပူရ) ဆရာညီညီ (မန္တလေး) ၊ ဦးစံထွန်း (မန္တလေး)၊ မျိုးမြင့် ဦးလှမောင် (မန္တလေး) စတဲ့ အစ္စလာမ်သာသနာဝင် ဗမာမွတ်စလင်ခေါ် ပသီအမျိုးသားများ ပါဝင်ခဲ့ကြပါတယ်။

လူကြီးမင်းများခင်ဗျာ

        နယ်ချဲ့အင်္ဂလိပ်တို့ ရာစုနှစ် တစ်ခုခန့် အုပ်ချုပ်တဲ့ ကာလမှာ နယ်ချဲ့လက်ပါးစေ နိုင်ငံခြားသားများ အစ္စလာမ်ဘာသာကို ခေါင်းမြီးချုံပြီး လွမ်းမိုးချယ်လှယ်ကာ နိုင်ငံခြားယဉ်ကျေးမှု အချို့ သွတ်သွင်းခဲ့တာကြောင့် အမျိုးသားရေးအသွင် ပုံရိပ်များ မှေးမှန်ခဲ့ရတဲ့ အခြေအနေမျိုး ရောက်ရှိခဲ့ရပါတယ်။ ဒီအခြေအနေတွေကို ဖယ်ရှားပြီး မိခင်မြေမှာ ပေါ်ပေါက်ခဲ့တဲ့ အမျိုးသား ကိုယ်ပိုင်ယဉ်ကျေးမှုများ အခြေခံပြီး တစ်မျိုးသားလုံးအသွင်ဖြင့် သာသနာရေး အမျိုးသားရေး ကျင့်သုံးသွားမှ ဖြစ်မယ်ဆိုပြီး သမိုင်းပေးတာဝန်အရ အစ္စလာမ်သာသနာ့ရေးရာ ကောင်စီအဖွဲ့ကြီး ၁၉၅၄ - ခုနှစ်မှာ ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

လူကြီးမင်းများခင်ဗျာ

        ကျွန်တော်တို့ တမျိုးသားလုံး အစ္စလာမ်သာသနာဝင်များ ဖြစ်ကြသော်လည်း ကျွန်တော် စောစောပိုင်းက တင်ပြခဲ့သလို နိုင်ငံတော် ရေမြေ သဘာဝအပေါ်မှာ ဇာတိတရပ်အဖြစ် တမျိုးသားလုံး ပေါ်ပေါက်ခဲ့သလို နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ချစ်မြတ်နိုးခြင်း ခုခံကာကွယ်ခဲ့ခြင်း တည်ဆောက်ခဲ့ခြင်း နိုင်ငံတော်နှင့် လိုက်လျောညီထွေ ရပ်တည်ခဲ့ခြင်း ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံကြားမှာ အပြန်အလှန် ယုံကြည်လေးစားခဲ့ခြင်း၊ သမိုင်းကြောင်းတစ်လျှောက်လုံး အလူးသဖြင့် ဗုဒ္ဓဘာသာ ဗမာလူမျိုးများနှင့်  နှစ်ထောင်နှင့်ချီပြီး ဗမာမွတ်စလင်ခေါ် ပသီအမျိုးသားများ နီးနီးစပ်စပ် ချစ်ချစ်ခင်ခင် ရပ်တည်ခဲ့တာဟာလည်း ထင်ရှားတဲ့ သာဓကတစ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
        ဒီကနေ့ ဘာသာတစ်ခုနှင့် တစ်ခုကြားမှာ ထင်ရောင်ထင်မှားဖြစ်အောင် အမုန်းပွားစေတဲ့ ဝါဒဖြန့်ချီမှုများကြောင့် နိုင်ငံရဲ့ ပုံရိပ်ကိုလည်း ထိခိုက်သလို မလိုလားအပ်တဲ့ အခြေအနေများ ပေါ်ပေါက်လာနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတော်နှင့်အတူ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ချစ်ကြည်ရေး တန်ဖိုးများ ပြန်လည်ပေါ်ပေါက်လာအောင် ဝိုင်းဝန်းထိန်းသိမ်းသွားဖို့ ကျွန်တော့အနေနှင့် တိုက်တွန်းပါကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
***************************************
နေ့ရက်- ၂၅-၁-၂၀၁၅ (တနင်္ဂနွေနေ့)
အချိန်   - နံနက် (၉း၀၀)နာရီ
နေရာ   - ပန်းသေးဗလီခန်းမ
             လမ်း ၈၀၊ ၃၅ × ၃၆ လမ်းကြား၊ မန္တလေးမြို့။


No comments:

Post a Comment