Wednesday, January 28, 2015

ဇေယျကျော်ထင် ဒုဗိုလ်မှူးကြီးဘရှင်(၁၉၁၅-၁၉၇၀)

ဇေယျကျော်ထင် ဒုဗိုလ်မှူးကြီးဘရှင်(၁၉၁၅-၁၉၇၀)
~~~~~~~~~~~~~~~~~~~~~~~~~~~~~

▌ဗိုလ်မှူးဘရှင် (၁၉၁၅-၁၉၇၀)သည် ခေတ်ဟောင်း မြနမ်မာ့သမိုင်း သုတေသနနယ်ပယ်၌ ထင်ရှားသေား ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ၁၉၅၅ - ခုနှစ်တွင် စတင်ဖွဲ့စည်းသည့် သမိုင်းကော်မရှင်တွင် အဖွဲ့ဝင်ဖြစ်သည်။

▌ဗိုလ်မှူးဘရှင်သည် ခေတ်ဟောင်း မွန်မြန်မာကျောက်စာ မင်စာနှင့် မြန်မာတိုင်းရင်းသားလူမျိုးစုရေးရာများတွင် အဆုံးအဖြတ်ပေးနိုင်သည့် ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။

▌ဗိုလ်မှူးဘရှင်သည် မြန်မာတိုင်းရင်းသားအချို့၏ ဘာသာစကားနှင့် မွန်၊ခမာ၊တိဘက်၊မြန်မာ၊ရှမ်း၊တရုတ်နှင့်အိန္ဒိယဘာသာစကားများကို လေ့လာလိုက်စားခဲ့သည် အင်္ဂလိပ်ဘာသာစကားနှင့် အပြောအဆို ကျွမ်းကျင်မှုမှာ နိုင်ငံတကာ ပညာရှင်အဆင့်ကို ကောင်းစွာမီ၍ ပညာရှင်များကိုယ်တိုင် ချီးမွမ်းရပါသည်။

▌ဗိုလ်မှူးဘရှင်သည် သမိုင်းသုတေသနပညာရှင်သက်သက်မျှ မဟုတ်ချေ။ မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦး ဖြစ်သည်။

▌ဂျပန်ခေတ်တွင် အာရှလူငယ်အစည်းအရုံး၏ ဥာဏဗလတာဝန်ခံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)ပညာရေးအရာရှိအဖြစ် ဆောင်ရွက်သည်။ ထိုသို့ဆောင်ရွက်နေစဉ် " အာရှစစ်ကြီးနှင့် သာတူညီမျှ အကျိုးခံစားရေးစနစ် " စာအုပ် ရေးသား၍ အာရှလူငယ်စာစဉ်(၁)အဖြစ်၊ ၁၉၄၄ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင် တိုင်း(၄)မှ ပါဝင်သည်။ " တိုင်း ၄ သတင်းစာ "ကို ဦးစီးထုတ်ဝေခဲ့သည်။ တပ်မတော်ပညာရေးအတွက် " ဥရောပစီးပွားရေးရာဇဝင် " (ပထမပိုင်း) ကို ပြုစုပေးရာ တိုင်း(၄)ပြည်သူ့ဆက်ဆံရေးဌာနက ၁၉၄၅ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးပြီးနောက် တပ်မတော်တွင် ဆက်လက်အမှုထမ်း၍ တပ်မတော်ပညာရေးအတွက် "မြန်မာနိုင်ငံတော်သမိုင်း"ကို ရေးသားသည်။ ထို့နောက် ၁၉၄၈ခုနှစ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် " မြန်မာနိုင်ငံတော်သမိုင်း "စာအုပ်ကို ထုတ်ဝေခဲ့ရာ၊ တက္ကသိုလ်ဝင်တန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ်အဖြစ် သတ်မှတ်ခံရသည်။ " မြန်မာရာဇဝင် "ဟူသော ဝေါဟာရအစား " မြန်မာ့သမိုင်း "ဟူသော စကားကို ပထမဆုံးအသုံးပြုသည့် သမိုင်းပညာရပ်ဆိုင်ရာ စာအုပ်တစ်အုပ် ဖြစ်သည်။

▌၁၉၅၅ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့တွင် " မြန်မာနိုင်ငံ သမိုင်းကော်မရှင် "ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ပညာမင်းကြီးဦးကောင်း၊ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာထင်အောင်၊ ဝန်ကြီးချုပ်အတွင်းဝန် ဦးသန့်၊ ဆရာအတတ်သင်ညွှန်ကြားရေးဝန် ဦးဘ၊ ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန် ဦးယော(ဇေယျ)၊ ကျောင်းသုံးစာအုပ်ထုတ်ဝေရေးဆိုင်ရာ ညွှန်ကြားရေးဝန် ဦးသိန်းဟန်(ဇော်ဂျီ)၊ ရန်ကုန်တက္ကသိုလ် သမိုင်းပါမောက္ခ ဦးဘညွန့်၊ အရှေ့တိုင်းနှင့် မြန်မာနိုင်ငံသမိုင်းပါမောက္ခ ဒေါက်တာကျော်သက်၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာပါမောက္ခ ဦးမျိုးမင်းတို့နှင့်အတူ ဇေယျကျော်ထင်ဗိုလ်မှူးဘရှင်သည် တစ်ဦးအပါအဝင်ဖြစ်သည်။

▌၁၉၆၀-ခုနှစ်တွင် သမိုင်းကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ရာ တပ်မတော်မှ အငြိမ်းစားယူခဲ့သော ဗိုလ်မှူးဘရှင်သည် ကော်မရှင်၏ အလယ်ခေတ် ကျမ်းပြုမှူးနှင့် သမိုင်းတံခွန်စာစောင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ နိုင်ငံ သမိုင်းကော်မရှင်၏  ဥက္ကဋ္ဌမှာ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဒေါက်တာ ဦးဖေမောင်တင် (၁၈၈၈-၁၉၇၃)ဖြစ်သည်။

▌ဗိုလ်မှူးဘရှင် ကွယ်လွန်ပြီးနောက်ပိုင်း ၁၉၇၁ ခုနှစ်တွင် ပုဂံစာအုပ်တိုက်မှ " အနော်ရထာအရင်က မြန်မာနိုင်ငံ" အမည်ဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ဗိုလ်မှူးဘရှင်အဆုံးမသတ်ခဲ့ရသော စာတမ်းမှာ ပညာတန်ဆောင် အတွဲ-၁၈၊ အမှတ် ၁ (ဇန်နဝါရီ ၁၉၆၉)မှ အမှတ် ၈ (သြဂုတ် ၁၉၆၉)ထိ ရေးသားခဲ့သော " ပုဂံခေတ် မြန်မာနိုင်ငံ " ဖြစ်သည်။ ပုံနှိပ်အထောက်အထားဖြင့် မတွေ့ရသေးသော စာတမ်းတစ်စောင်မှာ ၁၉၆၀ ပြည့်နှစ်အတွင်း ကမ္ဘာအေးဗုဒ္ဓတက္ကသိုလ်၌ အင်္ဂလိပ်ဘာသာဖြင့် ၆ ကြိမ်ဆက်တိုက် ဟောပြောခဲ့သော Terracotta Votive Tablets of the Early Pyu and Pagan Dynaesty ဟောပြောချက် ဖြစ်သည်။

▌ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံသမိုင်းကော်မရှင်မှ ပုံနှိပ်ထုတ်ဝေရန် ကော်မရှင်စာစဉ် ၆ အဖြစ် " မဇ္ဈိမဒေသ အရေးတော်ပုံကျမ်း"ကို တည်းဖြတ်ပေးခဲ့သည်။ " မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တို့အား ရှေးမြန်မာမင်းတို့က ချီးမြှင့်ခဲ့ပုံများ " (စာ- ၁၁၇) စာတမ်းကိုလည်း ရေးသားခဲ့သည်။ မြန်မာနိုင်ငံ သမိုင်းကော်မရှင်သည် ဥက္ကဋ္ဌ ဦးဖေမောင်တင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် " မြန်မာနိုင်ငံ သမိုင်းအခြေပြ ကျမ်းငယ် " တစ်စောင် ရေးသား စီစဉ်ခဲ့ရာ ၁၉၆၂ ခုနှစ် သြဂုတ်မှ ဒီဇင်ဘာ အတွင်း ဗိုလ်မှူးဘရှင်သည် အခန်း ၃-ခန်း ရေးသားတင်သွင်းခဲ့သည်။

▌ဗိုလ်မှူးဘရှင်၏ သုတေသနလက်ရာများတွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်က ထုတ်ဝေခဲ့သည့် လောကထိပ်ပန်(Loka Hteik Pan)သည် အထင်ရှားဆုံးဖြစ်သည်။

▌ "...အဲဒီစာအုပ်မှာ ပုဂံအနုပညာနှင့် ဗိသုကာပညာများကို ကျမ်းပြုသူက အကယ်တဝင့် ရှင်းလင်းတင်ပြထားတာကို တွေ့နိုင်ပါတယ်။ သုတေသနတန်ဖိုးအများကြီးရှိတဲ့ တင်ပြချက်ဖြစ်လို့ အားရနှစ်သက်စရာရှိပါတယ်။ မြန်မာ့သမိုင်းအဖွဲ့ရဲ့ ပထမစာအုပ်ပဲလို့ ဂုဏ်ယူနိုင်လောက်အောင် ပထမစွဲတဲ့စာအုပ်ဖြစ်ပါတယ်။"

▌ဗိုလ်မှူးဘရှင်နှင့် ပတ်သက်၍ ထင်ရှားသော စာအုပ်တစ်အုပ်မှာ " Artibus Asiae "(အာတိဘတ်စ်အေရှ)Vol.33,Part 1 (1973) စာစောင်ဖြစ်သည်။

▌ဗိုလ်မှူးဘရှင်အား ပါမောက္ခ လူ့စ်ကိုယ်တိုင် သူ၏ ထင်ရှားသော Old Burma-Early Pagan(1969)စာအုပ်၏ ပူးတွဲရေးသားသူ Joint Author အဖြစ် အမှတ်တရာဖော်ပြထားသည်။ ဗိုလ်မှူးဘရှင်ကို ၁၉၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက် ၊ တနင်္ဂလာနေ့တွင် ပျဉ်းမနားမြို့ ရွာကောက်ရပ်၌ဖွားသည်။ အဖ ကျောင်းဆရာ ဦးဟိန်၊ အမိ ဒေါ်စောရင် ဖြစ်သည်။ ၁၉၃၃-၃၈ တွင် ရန်ကုန်တက္ကသိုလ်၊ယုဒသန်ကောလိပ်၌ ပညာသင်ကြား၍ ၁၉၃၈ ခုနှစ်တွင် အရှေ့တိုင်းရာဇဝင် ဂုဏ်ထူးတန်းဖြင့် ဝိဇ္ဇာဘွဲ့ရခဲ့သည်။ ၁၉၃၈-၄၁ တွင် ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းရာဇဝင်နည်းပြ၊ လက်ထောက်ကထိကအဖြစ် ဆောင်ရွက်သည်။ ၁၉၄၂-၄၃ တွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး၊ဥာဏဗလတာဝန်ခံ၊ ၁၉၄၃ ခုနှစ်တွင် ဗမာ့ကာကွယ် ရေတပ်မတော်၌ဗိုလ်ကြီး၊ တပ်မတော်ပညာရေးပညာရေးအရာရှိ၊ပဲခူးစံပြတပ်မတော် သမိုင်းနည်းပြနှင့် ဂျပန်တော်လှန်ရေးတွင် တိုင်း(၄)မှ ပါဝင်ခဲ့သည်။ ၁၉၄၅-၄၆တွင် တပ်မတော်၌ ဗိုလ်မှူး၊ အင်္ဂလန်တွင် စစ်သံမှူး ဒုတိယဗိုလ်မှူးကြီး၊၁၉၆၀-၇၀ တွင် မြန်မာနိုင်ငံ သမိုင်းကော်မရှင် အစောဆုံးမှ အလယ်ခေတ်အထိ ကျမ်းပြုအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

▌ဗိုလ်မှူးဘရှင်သည် အစ္စလာမ်သာသနာရေးရာကောင်စီတွင် အန်စွာရီသင်တန်းများကို တိုင်းချစ်ပြည်ချစ်စိတ်ရှိအောင် သာသနာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် တိုင်းကျိုးပြည်ကျိုး သာသနာအကျိုး ကျေပွန်စွာ ထမ်းဆောင်နိုင်စေအောင် အစ္စလာမ်သာသနာရေးကောင်းစီ ဖွံ့ဖြိုးတိုးတက်ကြံ့ခိုင်စေရန်ရည်ရွယ်လျက် မြန်မာပြည်ဒေသအနှံ့တွင် သင်တန်းများကို အမှတ်စဉ်(၁)မှ အမှတ်စဉ် (၂၈)အထိ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပါဝင် ပို့ချခဲ့သည်။ ခုတိုင် အစ္စလာမ်သာသနာရေးရာကောင်စီသည် အန်စွာရီသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပို့ချလျက်ရှိနေပေသည်။ ဗိုလ်မှူးဘရှင်၏ အထင်ကရ လုပ်ဆောင်ချက်တစ်ရပ်မှာ ကျမ်းမြတ်ကုရ်အာန် နှစ် ၁၄၀၀ ပြည့်ကို ဦးစီးဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

▌ ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံ သုတေသနအသင်း အမှုဆောင် ကော်မတီ (၁၉၆၅-၆၉)၊ မြန်မာစာကော်မရှင်အဖွဲ့ဝင်။ ရန်ကုန်တက္ကသိုလ် သမိုင်းဘွဲ့လွန်သင်တန်းများတွင် အထူးကထိက၊ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီဌာနချုပ် အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၀ ခုနှစ် ဇန်နဝါရီလ (၇)ရက် ညနေ (၅း၅၀)နားရီတွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်မေကြီး(သတ္တဗေဒကထိက)နှင့် သား-၁ ဦး ၊သမီး ၄ - ဦးကျန်ရစ်သည်။

ဗိုလ်မှူးကြီးဘရှင် ပြုစုခဲ့သော စာအုပ်များ
 *****************************

၁။ ခေတ်သစ်မာဃ - (၁၉၃၇ ခုနှစ်)
၂။ မြန်မာနိုင်ငံကျေးလက်ပြုပြင်ရေးစာတမ်း - (၁၉၃၉ ခုနှစ်)
၃။ မြန်မာနိုင်ငံသမိုင်း - (၁၉၄၈ ခုနှစ်)
၎။  Loka Hteik Pan ( in English) ( ၁၉၆၂ ခုနှစ် )
၅။ ပုဂံမင်စာစု  ( ၁၉၆၄ ခုနှစ် )
၆။ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ သမိုင်းစာတမ်း - (၁၉၆၉ ခုနှစ်)
၇။ အနော်ရထာအရင်က မြန်မာနိုင်ငံ - (၁၉၇၀ ခုနှစ်)

*******************************
ရှာဖွေစုဆောင်းဆက်လက်တင်ပြသူ - သျှိသျှားမောင်

▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌▌

No comments:

Post a Comment